ဆပ်ရိုးကျချောင်း ကမ်းနားပတ် လမ်းတံတား ကျိုးပျက်မှုကြောင့် ပြည်သူများ သွားရေး လာရေး အခက်ကြံု

ဆပ်ရိုးကျချောင်း ကမ်းနားပတ် လမ်းတံတား ကျိုးပျက်မှုကြောင့် ပြည်သူများ သွားရေး လာရေး အခက်ကြံု
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြောက်ဘက်ရှိ ဆပ်ရိုးကျချောင်းနှင့် ကပ်ရက်တည်ရှိသော ကမ်းနား ပတ်လမ်း ချောင်းကူး တံတား ကျိုးပျက်နေမှုကြောင့် လုပ်သား ပြည်သူများ အနေဖြင့် သွားရေး လာရေး အထူး အခက်ကြံုတွေ့ နေရ ...

မောင်ရမ္မာ (နိရဥ္စရာ) ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြောက်ဘက်ရှိ ဆပ်ရိုးကျချောင်းနှင့် ကပ်ရက်တည်ရှိသော ကမ်းနား ပတ်လမ်း ချောင်းကူး တံတား ကျိုးပျက်နေမှုကြောင့် လုပ်သား ပြည်သူများ အနေဖြင့် သွားရေး လာရေး အထူး အခက်ကြံုတွေ့ နေရကြသည်။

အဆိုပါ တံတားမှာ ဆပ်ရိုးကျချောင်းကို မှီပြီး လုပ်ကိုင် စားသောက်နေကြသူ အလုပ်သမားများ သွားရေး လားရေးအတွက် အဓိက ကားကိုးအားထား ပြုနေရသော တံတားဖြစ်သည်ဟု ကုန်တင် ကုန်ချ အလုပ်သမား တဦးက ပြောသည်။

ဆပ်ရိုးကျချောင်းမှာ လှိုင်းကွယ်၊ လေကွယ်ရာ နေရာတွင် တည်ရှိသဖြင့် ရခိုင်ပြည်တွင်းတွင် သွားလာနေသော ရေကြောင်း သင်္ဘောများ၊ ဘုတ်များ၊ စက်လှေများ ဆိပ်ကပ်နားခိုရာ ချောင်းတချောင်းလည်း ဖြစ်သည်။

သို့အတွက် ကုန်တင်ကုန်ချအလုပ်သမားများ သောင်းချီ၍ အဆိုပါ ဆပ်ရိုးကျ ချောင်း အနီး တဝိုက်တွင် နေထိုင်နေကြသည်။

အဆိုပါ ကုန်တင် ကုန်ချ အလုပ်သမားက “ ဒီတံတားဟာ ကျွန်တော်တို့ နေ့စဉ် အလုပ်ကို အသွား အပြန်လုပ်ရတဲ့ လမ်းပေါ်မှာ ရှိတဲ့ တံတားပါ။ ပျက်နေတာကြာပါပြီ။ ဒါပေမယ့်လည်း သက်ဆိုင် အစိုးရ တာဝန်ရှိသူတွေက မပြုပြင်ဘဲ ပစ်ထားပါတယ်။” ဟု ပြောသည်။

ယခုကဲ့သို့ မပြုပြင်ဘဲ ပစ်ထားသဖြင့် လမ်းသွား လမ်းလာများ အထူးသဖြင့် ကျောင်းသား ကျောင်းသူများနှင့် အမျိုးသမီးများ အတွက် အထူး အခက်အခဲ ဖြစ်ပေါ်နေသည်ဟု သိရသည်။

သူက “ဖြတ်လျှောက်တဲ့ လူတွေ အတွက် အန္တရာယ် ရှိနေပေမယ့်လည်း စစ်တွေကိုသွားပြီး အလုပ် လုပ်နေရတဲ့ ကျနော်တို့က မသွား မဖြစ်ဆိုတော့ သွားလာနေကြရတာပါဘဲ” ဟု ပြောသည်။

ယခုကဲ့သို့ တံတား ကျိုးနေသဖြင့် စစ်တွေဘက် ကမ်းသို့ လှေ သမ္ပာန်များဖြင့် သွားလာနေရသဖြင့် ငွေအပို ကုန်ကျ နေရသည်ဟုလည်း အမျိုးသမီး တဦးက ယခုကဲ့သို့ ပြောသည်။

“ကူးတို့ခ အသွား ၁၀၀ ကျပ် ၊ အပြန် ၁၀၀ ကျပ် စီ ပေးနေရတော့ လူတွေ အကုန်လုံးအတွက် နစ်နာနေရပါတယ်။ အထူးသဖြင့် နေ့စားအလုပ်သမားတွေ အတွက် အပို ကုန်ကျနေတော့ မိသားစု စားဝတ်နေရေး အတွက် အထူး အခက်အခဲနဲ့ ကြံုတွေ့နေရပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက လည်း ဒီတံတားကို ဘာကြောင့် ပြန်လို့ မလုပ်ပေးဘူးလဲ ဆိုတာကိုတော့ စဉ်းစားမရ ဖြစ်နေပါတယ်။”

စစ်တွေမြို့တွင် လူအသွားအလာ အများဆုံး ဖြစ်သော တံတား ကျိုးပျက်နေသကဲ့သို့ ရခိုင်ပြည်နယ် တခြား ဒေသများတွင်လည်း တံတားများ လမ်းများ ကျိုးပျက် နေသော်လည်း အစိုးရမှ ပြန်လည် တည်ဆောက်ပေးခြင်း မရှိသဖြင့် အများစု တံတားများနှင့် လမ်းများကို ပြည်သူများမှ ထည့်ဝင်ငွေများဖြင့် ပြုပြင်နေရသည်ဟု သိရသည်။

Most read this week