KIA ၏ စစ်ရေး အချက်အချာကျသည့် စခန်းအားလုံး အစိုးရတပ်မှ သိမ်းပိုက်

KIA ၏ စစ်ရေး အချက်အချာကျသည့် စခန်းအားလုံး အစိုးရတပ်မှ သိမ်းပိုက်
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ရေး အချက်အချာ ကျသည့် လုံခြံုရေးတပ်စခန်း တောင်ကုန်းများကို အစိုးရစစ်တပ်က သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း KIO က ပြောသည်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ် လိုင်ဇာ (Laiza) အနီး လဂျားယန် (Lajayang) နယ်မြေတဝိုက်မှ KIA အမာခံ စစ်စခန်းများဖြစ်သည့် ဘွမ်ရေဘွမ် (Bum Re Bum)၊ ဖွန်းပျဲန်ဘွမ်(Hpun Pyen Bum)၊ အင်သပ်ဘွမ် (N-tap Bum) နှင့် ခယာဘွမ် (Hka Ya Bum) တပ်စခန်း အားလုံးကို အစိုးရ တပ်များက လက်နက်အင်အား၊ လူအင်အား အသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်မှ လဂျားယန် (Lajayang) ဒေသကို စစ်ဆင်ရေး ရပ်စဲလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့သော်လည်း KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အတွက် စစ်ရေးအရ မဟာဗျူဟာကျသည့် အမြင့်ဆုံးစခန်းဖြစ်သော ခယာဘွမ်တောင်ကုန်း (Hka Ya Bum) ကို အစိုးရတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဇန်နဝါရီလ ၂၆ ရက်နေ့က ဆုတ်ပေးလိုက်ရကြောင်း ဒုက္ခသည် ကူညီရေးကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။

ထို့အပြင် KIO ဌာနချုပ် လိုင်ဇာအား အစိုးရစစ်တပ်မှ ဆက်လက်သိမ်းပိုက်ရန် ရှိမရှိကိုလည်း စောင့်ကြည့် နေဆဲ ဖြစ်ကြောင်း “ကျနော်တို့ အခုစစ်ရေးအခြေအနေကိုကြည့်နေတယ်။ သမ္မတပြောတဲ့ စကားကို စစ်တပ်က လိုက်နာမလား မလိုက်နာဘူးလားဆိုတာကို အခုကျနော်တို့စောင့်ကြည့်နေတယ်။” ဟု ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။

(KIA) အတွက် စစ်ရေးအရ အချက်အချာကျသည့် တောင်ကုန်းများကို အစိုးရတပ်ဖွဲ့များက ရရှိသွားသောကြောင့် လိုင်ဇာမြို့ (Laiza Muklum)၏ လုံခြံုရေးကို ခြိမ်းခြောက်နိုင်သည့် အနေအထား ရှိနေကြောင်း မဟာမိတ်ကျောင်းသား တပ်မတော် (ABSDF) မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“အခုလောလောဆယ် သူတို့ဖက်က အဲဒီ ပတ်ပတ်လည် တောင်ကုန်းတွေမှာ သူတို့လက်နက်ကြီးတွေ ပြင်ထားနိုင်တဲ့ အနေအထားမျိုးဆိုရင်တော့ သူတို့ အချိန်မရွေးပစ်လို့ရတာပေါ့နော်။ သူတို့ပစ်ချင်လည်း ပစ်မယ်။ မပစ်ချင်လည်းမပစ်ဘူး။ အဲဒါက သူတို့စိတ်နေ သဘောမှာပဲ မူတည်တာ။ လိုင်ဇာမှာ ရှိနေတဲ့လူတွေကတော့ ရှင်းရှင်းပြောရရင်တော့ ထိတ်လန့်ကြောက့်ရွံ့နေတာပေါ့ဗျာ။”

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) အား အပြုတ်တိုက် ချေမှှုန်းနိုင်မှသာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်ကြောင်း  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော်အမတ် ဦးလှဆွေက ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြောဆို ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးမှုနှင့် ပတ်သက်၍ ထိုသို့ပြုလုပ်ခြင်းဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ကြောင်း ဗိုလ်မှူးမင်းဌေးက သုံးသပ်ပြောဆိုသည်။

“တိုက်ပွဲဆိုတာ ရှုံးတဲ့အခါရှိမယ်။ ဆုတ်ပေးရတဲ့ အခါတွေရှိမယ်။ ဒီစစ်ပွဲတွေက စစ်ရေးသပ်သပ် တစ်ခုထဲပဲ သွားတိုက်နေတာ မဟုတ်ဘူးလေ။  နိုင်ငံရေး ဖြစ်စဉ်တစ်ခုထဲကနေပြီးမှ ဒီတိုက်ပွဲ ပုံစံတွေ ပေါ်လာတာကိုး။ အဲတော့ ဒီတိုင်းရင်းသား အားလုံးကို တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့်တွေ မရရှိသရွေ့ကတော့ သူတို့တိုက်ပွဲတွေက ၀င်နေမှာပဲ။ ဒီမှာရှိနေတဲ့ လူတွေသေသွားရင်တောင် သူတို့ရဲ့သားသမီး မြေးမြစ်တွေက ဆက်ပြီးတော့ တိုက်ပွဲဝင်နေမှာလေ။ ဆိုတော့ ဒီဟာကို ငြိမ်းချမ်းစွာ ပေးဆပ်ဆွေးနွေး အဖြေ မရှာပဲနဲ့ စစ်ရေး အရ အဖြေရှာမယ်ဆိုရင်တော့ ဒါက မှန်ကန်တဲ့ အဖြေရှာမှုလည်း မဟုတ်ဘူး။ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ကျနော့်အနေနဲ့မြင်တယ်။” ဟုပြောဆိုသည်။

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်မှ ခယာဘွမ် တောင်ကုန်းအား သိမ်းပိုက်လိုက်ပြီးနောက် လိုင်ဇာတဝိုက် သေနတ်သံများ အနည်းငယ် တိတ်ဆိတ်သွားကြောင်း လိုင်ဇာဒေသခံများပြောသည်။
သို့သော် နှစ်ဘက် တပ်ဖွဲ့များအကြား တင်းမာမှုများ လျာ့ကျ မသွားဘဲ KIA တပ်စခန်း ရှိသည့်နေရာအနှံ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ဒီဇင်ဘာလနှောင်းပိုင်းမှ အစိုးရစစ်တပ်၏ အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် နှစ်ဖက်အထိနာ ကျဆုံးမှုများကြောင်း သိရသော်လည်း အရေအတွက်အား အတည်မပြုနိုင်ပေ။

ယနေ့ နံနက်ပိုင်းကလည်း လိုင်ဇာနှင့် လဂျားယန်အကြားရှိ လဝါးယန် (Lawa Yang) ဖက်သို့ လဂျားယန် (Lajayang) ဖက်မှ အစိုးရတပ်ဖွဲ့များ ထိုးစစ်ဆင်လာပြီး ခဏကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိများက ပြောသည်။

Most read this week