အရပ်သားများ ထိခိုက်စေသည့် ထိုးစစ်အပေါ် အမေရိကန်ပြည်ထောင်စု ပြင်းထန်စွာကန့်ကွက်

အရပ်သားများ ထိခိုက်စေသည့် ထိုးစစ်အပေါ် အမေရိကန်ပြည်ထောင်စု ပြင်းထန်စွာကန့်ကွက်
by -
ကချင်သတင်းဌာန

မြန်မာအစိုးရ တပ်မတော်မှ ထိုးစစ်ဆင်နေသော ကချင်ပြည်နယ်တွင် အရပ်သားများ ထိခိုက်သေကျေစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားယုတ်စေသော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လိုက်သည်။

ဇန်နဝါရီ ၂၅၊ ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့မှာ ဆန္ဒပြနေတဲ့ ထိုင်းနိုင်ငံကချင်လူမျိုးများ။

“မြန်မာအစိုးရက ဇန်နဝါရီလ ၁၉ ရက်မှစ၍ အပစ်အခတ်ရပ်စဲထားပြီဟု ဆိုသော်လည်း မြန်မာ့တပ်မတော်မှ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေးအရ ဆက်လက် ထိုးစစ်ဆင်နေကြောင်း မီဒီယာနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ သတင်းများက ဖော်ပြနေပါသည်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန ရန်ကုန်သံရုံးမှ ၂၀၁၃/၁ ဇန်နဝါရီ ၂၄ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန် လိုက်သည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း ခေါင်းစဉ်ဖြင့် ရန်ကုန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအတွက် အမေရိကန်ပြည်ထောင်စုက အလွန်ပင်စိုးရိမ်ပူပန်နေပါသည်ဟု ဆိုသည်။

တိုက်ပွဲများဖြစ်ပွားရာဒေသရှိ အရပ်သားများ၏ ဘေးကင်းလုံခြုံရေးကိုလည်း အမေရိကန်ပြည်ထောင်စုက များစွာစိုးရိမ်ပူပန်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး အေဂျင်စီများ၏ အကူအညီ လိုအပ်နေသည့် နေရာများသို့ မြန်မာအစိုးရက အတားအဆီးမရှိ ၀င်ခွင့်ပြုရန် ဆက်လက်တိုက်တွန်းထားသည်။

ဇန်နဝါရီ ၂၅၊ ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အမေရိကန်ကောင်စစ်ဝန်ရုံး ရှေ့မှာ ဆန္ဒပြနေတဲ့ ထိုင်းနိုင်ငံကချင်လူမျိုးများ။

“ကချင်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန်အလို့ငှာ တွေ့ဆုံဆွေးနွေးရေး အခြေအနေ တစ်ရပ်ဖန်တီးရန်အတွက် လိုအပ်သမျှကို ဆောင်ရွက်ကြပါရန်” အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) တို့အား အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်သည်။

ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများ၏ သဘောထားထုတ်ပြန်ချက်တွင်မူ “သမ္မတဦးသိန်းစိန်အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ရေး လုပ်ငန်းသည် တိုင်းရင်းသားများနှင့် ကချင်တိုင်းရင်းသားများအား အမြစ်ဖြုတ်ရေးသာဖြစ်ပြီးတိုင်းရင်သား များနှင့် တန်းတူနေထိုင်ရေးမူ မဟုတ်ကြောင်း ထင်ရှားသည်” ဟု ပြောဆိုလိုက်သည်။

“မြန်မာအစိုးရတပ်သည် KIA အား ထိုးစစ်ဆင်သည့်တချိန်တည်းတွင် ရွာများမီးရှို့ဖျက်ဆီးခြင်း၊ ကချင်ရွာသား များအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကချင်အမျိုးသမီးများအား ဖမ်းဆီး မုဒိန်းကျင့်ခြင်း၊ ကချင်ကလေး ငယ်ပါ မကျန် တရားမဲ့ သတ်ဖြတ်ခြင်း စသည့် ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့သည်။ တိုက်ပွဲကာလ တစ်လျှောက်လုံးတွင် အစိုးရတပ်သည် KIA ခံတပ်ကုန်းများ၊ လိုင်ဇာမြို့နှင့် ကချင်ဒုက္ခသည်စခန်းများသို့ လေယာဉ်များဖြင့်ဗုံးကျဲခြင်း၊ တာဝေးပစ် အမြှောက်များနှင့် တရစပ် ပစ်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည် သူများစွာ အသက်ဆုံးရှုံးနေရသည်” ဟုဆိုသည်။

အဆိုပါ ထိုင်းနိုင်ငံရောက် ကချင်များထုတ်ပြန်ချက်တွင် စစ်မှန်သော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု နည်းလမ်းနှင့် အဖြေရှာရန်အတွက် ကချင်ပြည်နယ်နှင့် မိုင်ပေါင်းရှည်လျားစွာ နယ်နိမိတ်ထိစပ်နေသည့် တရုတ်နိုင်ငံမှ မြန်မာအစိုးရအား တိုက်တွန်းပေးရန်၊ ဒုက္ခသည်များအား တရုတ်နိုင်ငံအတွင်းသို့ ခိုလှုံခွင့်ပေး ရန်၊ ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရင် မဟာမင်းကြီးရုံး UNHCR နှင့် ဒုက္ခသည် အကူညီပေးရေးအဖွဲ့များအား စခန်းသို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန် နိုင်ငံတကာ ကယ်ဆယ်ရေး ပစ္စည်းများ တင်သွင်းခွင့်ပြုရန် စသည့် အချက်(၃) ချက်တောင်းဆိုထားသည်။

အစိုးရဖက်မှ တဖက်သတ် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ သည် မိမိဇာတိ နေရပ်များကိုစွန့်ခွာပြီး ဘေးကင်းရာသို့ ထွက်ပြေးခိုလှုံနေရကာ ယခုချိန် ဒုက္ခသည်ပေါင်း ၁ သိန်းကျော်ရှိနေပြီဟုလည်း ကြေညာချက်၌ ပါရှိသည်။

ထို့အပြင် ယမန်နေ့အထိ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာ၏ အနီးဆုံး တပ်စခန်းဖြစ်သော ခယာဘွမ် (Hka Ya Bum) သို့ အစိုးရတပ်ဖက်က လက်နက်ကြီးများဖြင့် ပြင်းထန်စွာ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်နေကြောင်း KIA တပ်မဟာ (၅)ရှေ့တန်းမှအရာရှိများပြောသည်။

KIA တပ်ချထားသော စခန်းနေရာအနှံ့တွင်လည်း အစိုးရတပ်များ အင်အားတိုးချထားပြီး ထိုးစစ်ဆင်ရန် လှုပ်ရှားမှုများတွေ့ရသောကြောင့် တိုက်ပွဲကြီးများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း အရပ်သားများက စိုးရိမ်မကင်း ဖြစ်နေကြသည်။

Most read this week