KIA ဌာနချုပ်နှင့် အနီးဆုံးစခန်းသို့ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခတ်

KIA ဌာနချုပ်နှင့် အနီးဆုံးစခန်းသို့ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခတ်
by -
ကချင်သတင်းဌာန

အစိုးရတပ် ထိုးစစ်ဆင်နေသော ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာချုပ်နှင့် အနီးဆုံးရှိ ခယာဘွမ် (HKa Ya Bum) သို့ ယမန်နေ့ ၁ နာရီခွဲ အချိန်မှ ယနေ့အထိ အစိုးရတပ်က လက်နက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်နေကြောင်း တပ်မဟာ(၅) KIA အရာရှိတဦးက ပြောသည်။

လဂျားယန်အနီး လေယာဉ်ပစ် စစ်သေနတ်နဲ့ KIA စစ်သားများ။ ပုံ - KNG ကချင်သတင်းဌာန

မြန်မာအစိုးရတပ်များသည် ခြေလျင်ဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရသည်။

ဇန်နဝါရီ ၂၃ ရက်နေ့မှ ယနေ့ ညနေအချိန်ထိ အစိုးရတပ်ဖက်မှ ထိုးစစ်ဆင်နေသည့် တိုက်ပွဲတွင် ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် ၁ မိနစ်လျင် ၃၊ ၄ လုံးနှုန်း ပစ်ခတ်တိုက်ခိုက်နေပြီး ယနေ့ တရက်တည်း၌ လက်နက်ကြီး အလုံး ၈၀၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း KIA က ခန့်မှန်းပြောဆိုသည်။

“ဒီနေ့ကနေ နည်းတစ်မျိုးပြောင်းပြီး ပြန်ပစ်နေကြတယ်။ လက်နက်ကြီးတွေပဲ ပစ်နေတာ။ ဘယ်လောက်မြန် တယ်ဆိုတာ အဆက်မပြတ် ကြိတ်ဆုံလည်တာ တောင်နောက်ကျဦးမယ်။” ဟု ရှေ့တန်းမှ အရာရှိတဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဘက်တပ်မှ သေဆုံးဒဏ်ရာရရှိမှုများ ရှိသော်လည်း စားရင်းအတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် လိုင်ဇာနှင့် ဒေါ့ဖုန်းယန် (Dawhpumyang) ကြားရှိ ဒုန်ခုန်း (Dung Hkung) ရွာတွင် မြန်မာအစိုးရတပ် အင်အား ၆၀၀ နီးပါး တိုးချထားကြောင်းသိရသည်။

လောလောဆယ်တွင် အစိုးရတပ်က KIA တပ်များရှိရာ ခရာဘွမ် (Hka Ya Bum) စခန်းအပြင် အခြား စခန်းများအား ထိုးစစ်ဆင် နေသဖြင့် ပြင်းထန်သည့် တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေကြောင်း KIO ဒု-အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်က ပြောသည်။

Most read this week