အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO သီးခြားတွေ့ဆုံဆွေးနွေးမည်မဟုတ်

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO သီးခြားတွေ့ဆုံဆွေးနွေးမည်မဟုတ်
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) သည် အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုများ ဆက်လက်ဖြစ်ပွားနေချိန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် သီးခြား တွေ့ဆုံဆွေးနွေးမည်မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO သီးခြားတွေ့ဆုံဆွေးနွေးမည်မဟုတ်

KIO ကို ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်များဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေကာ စစ်ရေးအရ ဖိအားပေးမှု အခြေအနေအောက်တွင် KIO အဖွဲ့နှင့်သာ သီးခြားတွေ့ဆုံဆွေးနွေးမှုမပြုလုပ်ပဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဆုံးဖြတ်ချက်အတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးသွားလျင် ပိုမိုသင့်လျော်မည်ဟု ယခုလ (၂၀) ရက်နေ့က ပြန်ကြားလိုက်ခြင်းဖြစ်သည်။

လောလောဆယ် အနေအထားအရ KIA ဗဟိုဌာနချုပ်အနီး တပ်ဖွဲ့ဝင်များအား အစိုးရတပ်က အင်အားများ စွာဖြင့် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် KIO နှင့် အစိုးရ သီးသန့်တွေ့ဆုံပြီး ပြဿနာဆွေး နွေးဖြေရှင်းရန် ခက်ခဲသည့် အနေအထားဖြစ်ကြောင်း KIO ဒု-အထွေထွေအတွင်းရေးမှူး လာနန် (Salang Kaba Lah Nan) ပြောသည်။

“အရင်က ဒီလောက်ထိုးစစ်ဆင်မှုမလုပ်ခင် ကျွန်တော်တို့နဲ့ တွေ့ဆုံချိန် ကောင်းတဲ့အဖြေတွေမရခဲ့ဘူး။ ဒီလောက်အင်အားကြီးနဲ့ ထိုးစစ်နေချိန်မှ တွေ့ဆုံရအောင်ဆိုတာ ပိုပြီးမဖြစ်နိုင်ဘူး။ လက်နက်ကိုင်တပ်ဖွဲ့များ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC မှာ အခုကိစ္စကို ဆွေးနွေးသွားမယ်ဆိုပြီး ပြန်ကြားခြင်းဖြစ်တယ်။ UNFC မှာလည်း နိုင်ငံရေးဆွေးနွေးသွားမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့ တခုတည်း ခွဲထွက်ပြီး ဆွေးနွေးခြင်းမဟုတ်ပဲ UNFC နဲ့ အတူပါဝင် ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောတူညီချက်တွေရှိတယ်။ ဒါကို ကျွန်တော်တို့ တွန်းအားပေးခြင်းနဲ့ အတည်ပြုပေးတာ လည်းဖြစ်တယ်။ UNFC နဲ့ အစိုးရများဆွေးနွေးသွားမယ်ဆိုရင်လည်း KIO ကိုယ်စားလှယ်တွေပါတယ်၊ KIO အရာရှိတွေလည်း ပါဝင်ဆွေးနွေးသွားမယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့မှ ဇန်နဝါရီ ၁၈ ရက်နေ့ သတင်းထုတ်ပြန် ရာတွင် ဇန်နဝါရီ ၁၉ ရက် ၆းဝဝ နာရီမှစတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း အစိုးရတပ်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်ပြုလုပ် နေကြောင်းပြောသည်။

ယမန်နေ့ နံနက် ရ နာရီမှ၍ လဂျားယန် (Lajayang) အထက် ခရာဘွမ် (Hka Ya Bum) တွင် တိုက်ပွဲများဖြစ် ပွားခဲ့ပြီး အစိုးရတပ်သည် ယခုချိန် ခရာဘွမ် (Hka Ya Bum) တပ်စခန်းအပြင် ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲ များ ဆက်ပြုလုပ်နေကြောင်းသိရသည်။

အစိုးရစစ်တပ်၏ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ်နယ်မြေရှိ ခြေကုတ်စခန်းများအား ၁၀ ရက်ကျော် ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် KIA ရှေ့တန်းစခန်းများဖြစ်သော ဘွမ်ရေဘွမ် (Bum Re Bum)၊ ဖွန်းပျန်ဘွမ် (Hpun Pyen Bum)၊ လဂျားယန် (Lajayang) ဆက်သွယ်ရေးရုံးနှင့် ကားလမ်းပေါ် ယူထားသောနေရာများကို နောက်ဆုတ်ထားရကြောင်း KIO ဒု-အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန် (Salang Kaba Lah Nan) ပြောသည်။

“အဲဒီနေရာတွေ သိမ်းပိုက်ထားတယ်ဆိုပေမယ့်လည်း လိုင်ဇာ (Laiza) ကို သိမ်းနိုင်ပြီလို့ မသတ်မှတ်နိုင််ဘူး၊ တစ်ဘက်မှာလည်း အမြင့်ဆုံးတောင်တွေမှာ အစိုးရတပ်တွေ နေရာယူလိုက်ပြီဆိုတော့ အဲဒီဒေသအတွက် လုံခြံုရေးက ပိုပြီးသတိနဲ့နေရတော့မယ်။ လဂျားယန်ဒေသအတွက် အဲဒီနေရာကအရေးကြီးတယ်။ အဲဒီနေရာ တွေက အစိုးရတပ်အတွက် အရေးပါတဲ့တောင်တွေဖြစ်နေတယ်။ ဒါပေမယ့် ဒီတောင်တွေ ဆုတ်လိုက်တဲ့ အတွက် လိုင်ဇာအတွက် သိပ်ပြီးစိုးရိမ်စရာတော့မရှိပါဘူး” ဟု ပြောသည်။

အစိုးရစစ်တပ်မှ KIA ဌာနချုပ်နယ်မြေ လိုင်ဇာသို့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူနေအိမ်များသို့လက်နက် ကြီး ကျရောက်ပေါက်ကွဲကာ ဒေသခံ ၃ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါပြင်းထန်သောတိုက်ပွဲကြောင့် ဒုက္ခသည်များ စိုးရိမ်ကြောက်လန့်၍ ဗုံးခိုကျင်းများ တူးဖော်ခိုလှုံခဲ့ရပြီး လိုင်ဇာရှိဒေသခံ ၆၀၀၀ ကျော်သည်လည်း လွန်ခဲ့သောအပတ်တွင်း ဒုက္ခသည်စခန်း ၅ ခုတွင် ထမ်မံထွက်ပြေး ခိုလှုံလာကြောင်း KIO ဒုုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။

“ဒေသခံအချို့က ကားလမ်းအပြင်ဘက်မှာ လယ်တောတွေ တောင်ယာတွေလုပ်တယ်။ အရင်ကတော့ သွားလို့ရတယ်။ အခုကသွားလို့ မရတော့ဘူး။ အစိုးရတပ်က လမ်းတွေအားလုံးပိတ်လိုက်ပြီ။ အခု ဘာမှလုပ်လို့ု့မရတော့ဘူး ဆိုတော့ ဒုက္ခသည်စာရင်းသွင်းလိုက်တာ ၂၀၀၀၀ ကျော်သွားပြီ။” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

တိုက်ပွဲများသည် ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ယခုချိန် မြန်မာအစိုးရတပ်သည် စစ်အင်အား လက်နက်ကြီး များနှင့် ဂျက်တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များအကူဖြင့် လဂျားယန်အထက်ကုန်းတွင် တပ်ချ၍ ခြေလျင်ဖြင့် ပြန်လည် တိုက်ခိုက်နေကြောင်းသိရသည်။

အစိုးရတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၂)၊ တပ်မဟာ(၃) နယ်မြေများတွင် စစ်အင်အားတိုးချဲ့တိုက်ခိုက်နေပြီး ပန်ဝါဒေသ၊ ဗန်းမော်- လွယ်ဂျယ်လမ်း၊ ဖားကန့်နှင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါထိုးစစ်ဆင်တိုက်ပွဲများဖြစ်ပွားနေချိန် တဖက်တွင်  နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ခိုင်မာ သည့် နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အစိုးရမှ သတင်းထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

Most read this week