ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင် သက်တမ်းတိုးမြှင့်ရာ၌ သတ်မှတ်နှုန်းထက် ပိုပေးရ

ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင် သက်တမ်းတိုးမြှင့်ရာ၌ သတ်မှတ်နှုန်းထက် ပိုပေးရ
by -
ဇော်ကြီး
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်သက်တမ်းတိုးမြင့်ရာ၌ အစိုးရ သတ်မှတ်နှုန်းထက် အလုပ်ရှင်များကို ပိုပေးနေရကြောင်း MAP Foundation မှပြောသည်။ MAP Foundation တောင်ပိုင်းတာဝန်ခံ ကိုနစ်က “တရားဝင်အနေနဲ့ ကြေငြာထားတာကတော့ ...

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်သက်တမ်းတိုးမြင့်ရာ၌ အစိုးရ သတ်မှတ်နှုန်းထက် အလုပ်ရှင်များကို ပိုပေးနေရကြောင်း MAP Foundation မှပြောသည်။

MAP Foundation တောင်ပိုင်းတာဝန်ခံ ကိုနစ်က “တရားဝင်အနေနဲ့ ကြေငြာထားတာကတော့ ၃၈၀၀ ပေါ့ နော် ဒါပေမဲ့ လက်ရှိအနေနဲ့ ကျနော်တို့တွေ့နေရတာတော့ နေရာတော်တော်များများရှိနေတာ သူတို့ တွေက ဒီထက်များ များတော့ ပေးရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တချို့ကျတော့ ပွဲစားအနေနဲ့ လုပ် သွားတဲ့ အချိန်မှာကျတော့ ၆၀၀၀၊ ရ၀၀၀ အထိ ပေးရတဲ့သူလည်းရှိတာ ပေါ့နော်။”

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငခရိုင်ရှိ အလုပ်သမားအများစုမှာ ပွဲစားများကိုအားကိုး၍ လုပ်ကိုင််ရသဖြင့်် ကုန်ကျ စားရိတ်ပိုပေးနေကြရကြောင်း ၎င်းကဆက်ပြောသည်။

အလုပ်သမားများအနေနှင့် လက်မှတ်မရမည်ကို စိုးရိမ်ပြီး ကြားပွဲစားများနှင့် နာမည်ခံပေးသည့် အလုပ်ရှင်သူဌေး များကို ပေးကြရသောကြောင့် သတ်မှတ်နှုန်းထားထက် ပို၍ကုန်ကျ ကြရသည်ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်လက်မှတ်ကိုင်ဆောင်ထားခြင်းမရှိသော အလုပ်သမားများအနေနှင့် ပွဲစားများက အလုပ်သမားလက်မှတ်အသစ် ပြုလုပ်ပေးမည်ဟု ပြောဆိုကာ ကြိုတင်ငွေများ တောင်းယူသည်ဟု ချင်းမိုင်ရှိ ပန်းရံအလုပ်သမား မာတီးမို ကယခုလိုပြောသည်။

“လက်မှတ်မရှိတဲ့သူကို သူကအသစ်လုပ်ပေးမယ်ဆိုတော့ သွားခလာခရယ် ပတ်စ်ပို့ခရယ် သူက တစ်ထောင့်ငါးရာ အရင်တောင်းစားတယ်လေ၊ အဲ သူဌေးငှားရတာပေါ့နော် အားလုံးအပြီးအစီး ဆိုရင်တော့ ၆၅၀၀ လောက်ကျတယ် ပြောတာက (၁၁) လပိုင်းမှာလုပ် ပေးမယ်ဆိုပြီးတော့ မဖြစ်ဘူး၊ နောက် (၁၂) လပိုင်းတဲ့ အခုကတစ်လပိုင်းတောင်ကျော် လာပြီ ဘာမှမဖြစ်သေးဘူး အလုပ်သမား လက်မှတ် ရှိပြီးတဲ့သူကတော့ ထုံးစံအတိုင်းပဲ ၃၈၀၀ ပဲပေါ့။”

ထိုင်းနိုင်ငံ စီးပွားရေးဆုတ်ယုတ်မှုကြောင့် ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင် အသစ် ပြုလုပ်ပေးရေးကို ၀န်ကြီးများအဖွဲ့ (ကက်ဘိနက်) ကသဘောမတူကြောင်း အလုပ်သမားရှာဖွေရေးဌာန ညွန်ကြားရေးမှူးချုပ် နယ်ဖိချားအေကဖိထပ်ဒါမ်ရုမ် က ယခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့ကပြောကြားခဲ့သည်။

လက်မှတ်သက်တမ်းတိုးမြှင့်ရာတွင် ၂၀၀၈ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၀၀၉ ဇွန်လ ၃၀ ရက်နေ့အထိ  သက်ဆိုင်ရာ ခရိုင်(သို့)နယ်မြေ အလုပ်သမားမှတ်ပုံတင်ရုံးများတွင် အဖွဲ့ (၄) ဖွဲ့သတ်မှတ်ထားပြီး တစ်ဖွဲ့ချင်းစီ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

အလုပ်ရှင်၏ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မိတ္တူနှင့် မိမိ၏အလုပ်သမားမှတ်ပုံတင် မိတ္တူ စသည့် စာရွက် စာတမ်းများကိုလည်း ယခင်နှစ်များကအတိုင်းယူဆောင်သွားရမည်။

ယခုသက်တမ်းတိုးပေးသည့် အလုပ်သမားလက်မှတ်သည် လာမည့် ၂၀၀၉ ခု နှစ်ကုန်် အထိ အာမခံချက် ရှိပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်း၌ ထိုင်းနှင့်မြန်မာနှစ်နိုင်ငံ အစိုးရသဘောတူညီချက်အရ နိုင်ငံကူးလက်မှတ် ရှိသူများကိုသာ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ်များ ထုတ်ပေးတော့မည် ဖြစ်ကြောင်း သိရှိရသည်။

Most read this week