ဒုက္ခသည်စခန်းမှ ကတုတ်ကျင်းမြေပြိုမှုကြောင့် ကလေး (၃) ဦးသေ

ဒုက္ခသည်စခန်းမှ ကတုတ်ကျင်းမြေပြိုမှုကြောင့် ကလေး (၃) ဦးသေ
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA ၏ အခြေစိုက်စခန်းများအား အစိုးရက လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒုက္ခသည်များ ပုန်းခိုရန် ပြုလုပ်ထားသည့် ကတုတ်ကျင်း ပြိုကျမှုကြောင့် ဒုက္ခသည် ကလေး (၃) ဦး သေဆုံးခဲ့သည်။

ဇန်နဝါရီ ၁၅၊ Pa Kahtawng ဒုက္ခသည်စခန်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပုန်းခိုရန်ပြင်ဆင်ထားသည့် ကတုတ်ကျင်းမြေပြိုမှုကြောင့် ကလေး (၃) ဦးသေ။ ပုံ-Jinghpaw Kasa

တရုတ်မြန်မာနယ်စပ်၊ မိုင်ဂျာယန်မြို့ (Mai Ja Yang) ပါကထောင် (Pa Kahtawng) ကျေးရွာရှိ ဒုက္ခသည် စခန်းမှ ကလေးများ ဆော့ကစားနေစဉ် ဇန္နဝါရီလ (၁၅) ရက်နေ့က ရုတ်တရက် ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေးများသည် မောင် လဗျလောရီ အသက် ၁၃ နှစ်၊ မောင် ကရန်မျိုးဆန့် အသက် ၁၁ နှစ်နှင့် မောင် လဖိုင်တူးဂျာ အသက် ၁၂ နှစ် တို့ဖြစ်ပြီး ပညာသင်ကြားနေသောကျောင်းသားများဖြစ်် သည်။

ထိုကတုတ်ကျင်းများသည် အမြင့် ၅ ပေ ကျော်ရှိ၍ အစိုးရစစ်တပ်မှ လေယာဉ်နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်လာပါက ပုန်းခိုရန် တူးဖော်ထားသော ကတုတ်ကျင်းများဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားပုံအား  ဒုက္ခသည်များကို ကူညီပေးနေသည့် ဆရာမဘောက်တောင်က အခုလို ပြောဆိုသည်။

“ကတုတ်ကျင်းထဲမှာ ကစားတာ ကလေး ၄ ယောက်ဟုတ်တယ်။ မြေပြိုလာတာနဲ့ ကလေး ၁ ယောက်က ထွက်ပြေးလာချိန်မှာ ကျန်တဲ့သူတွေကို တစ်ခါတည်းမြေပြိုပြီးဖိလိုက်တယ်။ အဲဒီချိန်မှာ တခါတည်း လူကြီးတွေကို ခေါ်တော့ လူကြီးတွေလည်း တစ်ခါတည်းပေါက်ပြားတွေကိုင်ပြီးတူးတာ။ ချက်ချင်းတော့ လုပ်တာပဲ မြေပြိုတာနဲ့  ၅ မိနစ်လောက်လောက်ဘဲကြာတယ်။ အသက်ကို ဖြစ်နိုင်သလောက်ကယ်တယ် ဒါပေမယ့် မရတော့ဘူးလေ။”  ဟု ဒုက္ခသည်စခန်းမှ ဆရာမ ဘောက်တောင် (Bawk Tawng) ပြောသည်။

၎င်းတို့၏ လုံခြုံရေးအတွက် အဆိုပါ ကတုတ်ကျင်းများကို လွန်ခဲ့သည့် ၃ ရက်ခန့်က စတင် တူးလာခဲ့ပြီး လူကြီးများ ထမင်းစားနားချိန်တွင် ဖြစ်သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“နိုင်ငံရေးက အရမ်းရှုပ်လာတော့ ကျမတို့လည်း ကြောက်တာပေါ့ လေယာဉ်တွေနဲ့တိုက်နေတော့ ကျမတို့ ဒုက္ခသည်စခန်းမှလည်း ကတုတ်ကျင်းတွေတူးကြတာဖြစ်တယ်” ဟုဆိုသည်။

ပါကထောင် (Pa Kahtawng) ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၂၀၀၀ ကျော်ရှိခိုလှုံနေပြီး ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၃) နယ်မြေလည်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားချိန် လေယာဉ်သံများ သေနတ်သံများနှင့် လက်နက်ကြီးပေါက်ကွဲသံများကို ထိုစခန်းမှ ကြားနေရခြင်းကြောင့် ၎င်းတို့အနေဖြင့် စိုးရိမ်ကြောက်လန့်၍ ကတုတ်ကျင်းများ တူးကာ လုံခြုံရေးအတွက် ပြင်ဆင်နေချိန် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူများကို ယမန်နေ့က သဂြိုလ်ခဲ့ပြီး ဖြစ်သော်လည်း ဒုက္ခသည်များက ၎င်းတို့၏ လုံခြံုရေးအတွက် ဆက်လက်ပုန်းခိုရန် အန္တရာယ်ကင်းသည့် နေရာ မည်သို့ရှာဖွေမည်မသိဘဲ အခက်ခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Most read this week