KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များအတွက် လုံခြုံမှုရှိသည့်နေရာ ရှာမရ

KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များအတွက် လုံခြုံမှုရှိသည့်နေရာ ရှာမရ
by -
ကချင်သတင်းဌာန

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့ (Laiza mare) ကို အစိုးရစစ်တပ်မှ စစ်လက်နက် အင်အားသုံး၍ အဆက်မပြတ်တိုက်ခိုက်နေခြင်းကြောင့် ၄င်းဒေသတွင်ခိုလှုံနေသော ဒေသခံများနှင့် ဒုက္ခသည်များသည် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားနေပြီး ခိုလှုံမည့်နေရာများ ရှာဖွေရန် အခက်ခဲနှင့် ရင်ဆိုင်နေရသည်။

Je Yang ဒုက္ခသည်စခန်း၊ KIO ထိန်းချုပ်နယ်မြေ၊ ကချင်ပြည်နယ် အရှေ့ဘက်။

ဇန်နဝါရီ ၁၄ ရက်နေ့က အစိုးရပစ်ခတ်ခဲ့သော လက်နက်ကြီးများသည် လိုင်ဇာမြို့ လူနေအိမ်များတွင် (၃)ကြိမ် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် လူ (၃)ဦးသေပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သည့် အဖြစ်အပျက်နောက်ပိုင်း KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ (Laiza) နှင့် မိုင်ဂျာယန်မြို့ (Mai Ja Yang) များတွင်ခိုလှုံနေသည့် ဒေသခံများနှင့် ဒုက္ခသည်များသည်  စိုးရိမ်ကြောက်လန့်ကာ လုံခြုံရေးအတွက် ခိုလှုံရန်နေရာရှာဖွေ၍ ကတုတ်ကျင်းများ တူးနေကြကြောင်း ဒုက္ခသည်စခန်းမှ သိရသည်။

အစိုးရ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ဝေဟင်မှ စစ်တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒုက္ခသည်များသည် မိမိတို့လုံခြုံရေးအတွက် အကာအကွယ်ယူနိုင်ရေး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုပ်ဆောင်လာကြခြင်းဖြစ်သည်ဟု ဗန်းမော်ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် စစ်ပြေးဒုက္ခသည်စခန်း (၆) ကိုကြည့်ရှုနေသော လူထုအခြေပြုအဖွဲ့အစည်း Wunpawng Ninghtoi (WPN)မှ တာဝန်ခံ ဒေါ်မေရီ ပြောသည်။

“လေယာဉ်သံကြားတာနဲ့ တကယ့်ကို ဒီဒေသမှာရှိနေတဲ့ ပြည်သူလူထုတွေပေါ့နော် တခါထဲ အသက်အိုးအိမ် ခြိမ်းခြောက်သလို ခံစားနေရတယ်။ ဒုက္ခသည်တွေဆိုရင်လည်း ငိုတာပေါ့ တော်တော်များများ ကတုတ်ကျင်းတွေတူးကြပြီ။ ကတုတ်ကျင်းတူးတယ်ဆိုပေမယ့် စဉ်းစားကြည့်ပါပေါ့.. လူဒီလောက်များတာ စစ်ပြေးဒုက္ခသည်လူပေါင်း ၂၂,၅၇၁ ဦး ရှိတယ်။ ဒီဒုက္ခသည်စခန်းမှာက ကတုတ်ကျင်းတူးမယ်ဆို ဘယ်လိုမျိုးတူးမှာလဲပေါ့ လိုဏ်ခေါင်းအကြီးကြီးဖြစ်သွားမှာပေါ့။ ဒါပေမယ့်လည်းပေါ့လေ  ဒါက လူတွေရဲ့စိတ်သက်သာရာရအောင်သာလုပ်ရတာ တကယ်တမ်း တကယ်သာပစ်ချမယ်ဟေ့ ဆိုရင်ကတုတ်ကျင်းတွေက ဘယ်လောက်ဖြစ်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် လူတွေက ဘာပဲပြောပြော ကိုယ့်ရဲ့အသက်ရှင်ရပ်တည်ခွင့်ရဖို့ကတော့ ဖြစ်လာခဲ့ရင်ဆိုတဲ့အတွေးမျိုးနဲ့လုပ်နေကြတာ။” ဟုပြောသည်။

ဒုက္ခသည်များသည် ၄င်းတို့အနီး တိုက်ပွဲများ ဖြစ်ပွားလာပါက အရေးပေါ်အခြေအနေအရ ပိုမိုလုံခြုံမည့် နေရာသို့ ထွက်ပြေးတိမ်းရှောင်နိုင်ရန် တဖက်ကမ်းရှိ တရုတ်ပြည်သို့ခိုလှုံရန် မျှော်လင့်ထားသော်လည်း တရုတ်အစိုးရဖက်မှ နယ်စပ်တလျှောက် လုံခြုံရေးများကို တင်းကြပ်စွာချထားကြောင်းသိရသည်။

ဒုက္ခသည်စခန်း အသီးသီးတွင် ထိုသို့လုံခြုံရေး ကတုတ်ကျင်းများ တိုးချဲ့ပြင်ဆင်ထားသောကြောင့် လွန်ခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က မိုင်ဂျာယန် (Mai Ja Yang)၊ ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်းမှ ကလေး (၃)ဦး ကတုတ်ကျင်းအနီး ဆော့ကစားရာမှ မြေပြို၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပါကထောင်ဒုက္ခသည်စခန်းမှသိရသည်။

တချိန်တည်းတွင် အစိုးရတပ်များက ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ဌာနချုပ်ကို ဦးတည် တိုက်ခိုက်မှုများ မရပ်သေးသဖြင့် ဒုက္ခသည်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေကြောင်း ဒုက္ခသည်များကို ကြည့်ရှုပေးနေသူ WPN မှတာဝန်ခံ ဒေါ်မေရီက ဆက်ပြောသည်။

“အရမ်းကိုအေးနေတဲ့အချိန် လူသားတစ်ယောက်ဖြစ်နေရက်သားနဲ့ လူသားတစ်ယောက်ရယ်လို့ ခံစားမှု သူတို့မှာ မရရှိတဲ့အချိန်မှာ အတင်းအဓမ္မ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးကြုံတွေ့နေရပါတယ်။ အဲဒါကြောင့်မို့လို့ စစ်ပြေးဒုက္ခသည်အများက ဘယ်မှာလဲပေါ့…လုံခြုံမှု? သူတို့ အရမ်းစိုးရိမ်တယ် အသက်ကြီး ရွယ်အိုတွေဆိုတာ ပြောမယ်ဆိုရင် ဆောင်းတွင်းဝင်တာနဲ့  သေဆုံးတဲ့သူများတယ်၊ အအေးလာတာနဲ့ ဒီလိုခြိမ်းခြောက်မှုဖြစ်ပြီဆိုတာနဲ့ တခါထဲကို ရောဂါလည်းအများကြီးဖြစ်လာတယ်။ အိပ်ရာထဲမှာဗုန်းဗုန်းလဲတာ မျိုးတွေလည်း ကျမတို့တွေ့နေရတယ်။ တော်ရုံကျမ်းမာနေတဲ့ အဘွားကြီးတွေ တောင်မှ ဘာတွေလုပ်လို့ လုပ်ရမှန်းမသိဘူး တခါထဲ လေယာဉ်လာတာနဲ့ ဘယ်မှာသွားပုန်းလို့ပုန်းရမှန်းမသိ ဘူး။ စိတ်ပိုင်းဆိုင်ရာခြိမ်း ခြောက်မှုတွေ အများကြီးဖြစ်နေပါတယ်။ ကလေးတွေဆိုရင်လည်း သိပ်သနားဖို့ကောင်းပါတယ်။ စာသင်နေတာတောင် အာရုဏ်စူးစိုက်လို့မရဘူး။”

တရုတ်နယ်စပ်ဒေသ ဌာနချုပ် လိုင်ဇာ (Laiza)နှင့် မိုင်ဂျာယန် (Mai Ja Yang) နယ်မြေတွင်း ခိုလှုံနေသော ဒုက္ခသည် လူဦးရေ ၂၀,၀၀၀ ကျော် ရှိပြီး အစိုးရအုပ်ချုပ်နယ်မြေတွင် ၈၀,၀၀၀ ကျော်ခိုလှုံကာ စုစုပေါင်း ဒုက္ခသည် ၁ သိန်းကျော်တွင် နေ့စဉ်လူဦးရေ တိုးနေဆဲဖြစ်ကြောင်း ဒုက္ခသည်ကြည့်ရှုသူများပြောသည်။

တနှစ်ကျော်ကြာ ဖြစ်ပွားနေသော အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တို့တိုက်ပွဲများသည် လွန်ခဲ့သည့် ဒီဇင်ဘာမှစ၍ ဌာနချုပ်ဖက်သို့ ဦးတည်ကာတိုက်ပွဲများအရှိန်မြင့်လာခြင်းဖြစ်ပြီး အစိုးရ၏တိုက် ခိုက် မှုများသည် KIO ဌာနချုပ်သို့ အင်အားဖြင့်စစ်ဆင်လာပုံကို သုံးသပ်ခြင်းအားဖြင့် နှစ်ဖက်နိုင်ငံရေးဆွေးနွေး မှုသည် အလှမ်းဝေးနေသေးကြောင်း KIO ဒုအထွေထွေအတွင်းမှူး-၂ လာနန် (Lah Nan) ပြောဆိုခဲ့သည်။

Most read this week