KIO လိုင်ဇာဌာနချုပ်ကို မြန်မာအစိုးရတပ်မှ လေကြောင်းဖြင့် စတင်တိုက်ခိုက်

KIO လိုင်ဇာဌာနချုပ်ကို မြန်မာအစိုးရတပ်မှ လေကြောင်းဖြင့် စတင်တိုက်ခိုက်
by -
ကချင်သတင်း

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာ ဗဟိုဌာနချုပ်ကို အစိုးရတပ်ဖက်မှ လေကြောင်းဖြင့် စတင် တိုက်ခိုက်လာခြင်းကြောင့် လိုင်ဇာမြို့ရှိ ပြည်သူလူထုများကို သတိဖြင့်နေထိုင်ရန် ညွန်ကြားထားပြီဖြစ် ကြောင်း လိုင်ဇာအုပ်ချုပ်ရေးမှူး ဗိုလ်မှူး Kareng Naw Awn ကပြောသည်။

ဒီဇင်ဘာ ၂၈ ယမန်နေ့က KIO ရှေ့တန်းစခန်း Lajayang (လဂျားယန်)သို့ အစိုးရဘက်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ ပျံဝဲကာ အနီးပါတ်ဝန်းကျင်ရွာများနှင့် KIA တပ်စခန်းများအား ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KIA အရာရှိများပြောသည်။

laiza-air-raid-map 600 400

ထိုသို့မြန်မာအစိုးရတပ်ဖွဲ့များ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် လိုင်ဇာမြို့တွင်လည်းစိုးရိမ်ဖွယ်ရှိပြီး မိသားစုတိုင်းတွင် ကတုတ်ကျင်းများတူးထား ခိုင်းကာ အရေးကြံုလာပါက အချက်ပြမီးဖြင့် သတိပေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူး Kareng Naw Awn က KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကတုတ်ကျင်းများတူးထားခိုင်းတယ်။ အရေးကြီးလာရင်တော့ မီးသတ်ကားနဲ့ အချက်ပြဖို့လုပ်ထားတယ်။ ပထမ အချက်ပေးရင်တော့ ကြောက်ရမယ်။ ဒုတိယ အချက်ပေးရင်တော့ ကတုတ်ကျင်းကို ၀င်ရမယ်။ တတိယ အချက်ပေးရင်တော့ ဘာမလိုတော့ဘူးဆိုပြီး အချက်ပေးသွားဖို့ စီစဉ်ထားတယ်” ဟုပြောသည်။

ထို့ပြင် ည ၉ နာရီမှ အပြင်မထွက်ရန် အမိန့်ထုတ်ထားကြောင်း သောကြာနေ့မှစကာ လိုင်ဇာမြို့ရှိ စျေးဆိုင်များ ပိတ်ထားရန်နှင့် လမ်းမပေါ်၌ ကား၊ ဆိုင်ကယ်များကို မထားရန် ညွန်ကြားထားကြောင်း သိရသည်။

လိုင်ဇာရှိပြည်သူအချို့မှာ တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်းရှိကြောင်းလိုင်ဇာဒေသ ခံ များကပြောသည်။

“ဒီမနက်ကနေ ဆိုင်တွေပိတ်ပြီး တချို့က တရုတ်ဘက်ခြမ်းကို ထွက်ပြေးသွားပြီ၊ တချို့ဖွင့်တဲ့ လူတွေလည်းရှိ သေးတယ်။ ဒါပေမဲ့ အများပိုင်းတော့ ပိတ်ထားကြပြီ။ ကျမတောင် အခုဆိုင်ပိတ်ပြီး အိမ်ပြန်တော့မလို့” ဟု လိုင်ဇာဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

ယမန်နေ့ အစိုးရတပ်ဖွဲ့၏ တိုက်လေယာဉ်များဖြင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမှ ရှစ်မိုင်ကွာဝေးသော Lajayang (လဂျားယန်) တွင် တိုက်ခိုက်နေမှုကို လိုင်ဇာမြို့မှ အသံများလည်း ကြားနေရပြီး လိုင်ဇာမြို့တွင်းမှလည်း ရဟတ်ယာဉ်များ ပျံဝဲသွားကြောင်း လိုင်ဇာဒေသခံများပြောသည်။

“အစကတော့ လဂျားယန်ဖက်က အသံအကျယ်ကြီးကြားတယ်။ ကျမနောက်ကျောဖက်မှာ ထိတော့မလိုလိုပဲ နောက်နည်းနည်းကြာတော့ လေယာဉ်ပျံ အဖြူရောင် ၂ စီး ကျမတို့ အိမ်အပေါ်ကနေ ပျံဝဲသွားတယ်။ အဲဒီ ၂ စီးပြန်သွားပြီး နောက် ၂ စီးပြန်လာတယ် အိမ်ကနေတောင်မှ အရမ်းကိုမြင်ရတယ်။ ကလေးတွေကိုတောင် မြေအောက်ခန်းကို ပို့ထားရတယ်။ ဒီလိုင်ဇာမြို့တွင်းကို ပတ်ပြီး ပြန်သွားတယ်။ အခုလည်း သေနတ်သံ တွေကြားနေရတယ်။ အခုဆို သေနတ်သံမကြားရင် မအိပ်တတ်သလိုတောင် ဖြစ်သွားပြီ” ဟုလိုင်ဇာဒေသခံ အမျိုးသမီးတဦးကပြောသည်။

ယနေ့တွင်လည်း Lajayang (လဂျားယန်) အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) အရာရှိများပြောသည်။

ယခုချိန် ရှေ့တန်းတွင် တိုက်ပွဲဝင်သော KIA တပ်ဖွဲ့များကို ကူညီသွားရန် လူငယ်အဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့ အစည်း ဆိုပြီး ဖွဲ့စည်းထားပြီဖြစ်ကြောင်း ထို့ပြင် ရှေ့တန်းတွင် တိုက်ပွဲဝင်နေသူများအတွက် လိုင်ဇာမြို့နယ် ရပ်ကွက်လိုက် တာဝန်ယူကာ ထမင်းဟင်းများချက်ပေးနေကြောင်း သိရသည်။

မြန်မာအစိုးရတပ်က မြစ်ကြီးနား-မန်မော် (ဗန်းမော်) လမ်းရှိ KIA တပ်များအား ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် ရာဇသံပေးခဲ့ပြီးနောက် KIA ဘက်က ဆုတ်ခွာခြင်း မရှိသည့်အတွက် KIO ဌာနချုပ် အနီး Lajayang (လဂျားယန်) ဒေသသို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို စစ်သုံး လေယာဉ်များပါ အသုံးပြုလာခြင်း ဖြစ်သည်။

Most read this week