ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ ယခင် စစ်အစိုးရ လက်ထက်က စစ်သင်တန်းကျောင်း တည်ဆောက်ဖို့ သိမ်းဆည်းခဲ့တဲ့ ဒေသခံပိုင် လယ်ယာမြေများအတွက် လက်ရှိအစိုးရကနေ လျော်ကျေးများ ပြန်လည်ပေး တော့မယ် ဆိုတဲ့သတင်းတွေ ဒေသတွင်းမှာ ထွက်ပေါ်နေပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းများအရ ဖရူဆိုမြို့နယ်ထဲက မားဖရိုရှေ့ကျေးရွာကို ကျပ်သိန်းပေါင်း (၁) ထောင်နဲ့ လောဂျာကျေးရွာကို ကျပ်သိန်း (၈) ရာ ပေးဆောင်သွားဖို့ ရှိတယ်လို့ သိရတဲ့အကြောင်း လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ ရွာသားများက ဆိုပါတယ်။
“နေပြည်တော်ကနေ ပြည်နယ်အစိုးရမှတဆင့် လူထုတွေကို ပို့လာတဲ့ သတင်းစကားအရ လူထုတွေအနေနဲ့ အစိုးရကနေ ဖန်တီးပေးမည့် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသလား ဒါမှမဟုတ် မိမိလယ်ယာမြေတွေကို ဘာကျိုးအမြတ်မှ မရဘဲ အလဟဿ ဆုံးရှုံးခံမလားလို့ မေးလာပါတယ်။ လူထုအနေနဲ့ ဒီကိစ္စအပေါ် ဆုံးဖြတ်ချက်ချဖို့ အခက်တွေ့နေကြပါတယ်” လို့ မားဖရိုရှေ့ရွာခံ တဦးက ပြောပါတယ်။
ယင်းကိစ္စ မြို့နယ် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ကရင်နီပြည် တိုးတက်ရေးပါတီ KNPP ဆက်ဆံရေးရုံး တာဝန်ရှိသူများထံမှ ကြားသိရသော်လည်း အစိုးရ တာဝန်ရှိသူများက တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း ပြည်တွင်း သတင်းထောက်တဦးက ပြောဆိုသည်။
အမှတ် ၁၄ စစ်လေ့ကျင့်ရေး ကျောင်းကိစ္စနဲ့ပတ်သက်၍ KNPP နဲ့ မြန်မာအစိုးရတို့ မတ်လ ရ ရက်နေ့က အပစ်ခတ်ရပ်စဲရေးအတွက် ပဏာမတွေ့ဆုံ ဆွေးနွေးချိန်မှာ တကြိမ်၊ ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စု အဆင့် တွေ့ဆုံစဉ်မှာ တကြိမ် သင်တန်းကွင်းအတွင်း ဆောက်လုပ်ရေး ကိစ္စများ ခေတ္တရပ်ဆိုင်းထားဖို့ သဘောတူ ဆွေးနွေး ခဲ့ကြပါတယ်။
လက်ရှိစစ်သင်တန်းကျောင်းမှာ အုတ်မြစ်ချပြီးတဲ့ အဆင့်ထိရှိနေပြီး အဆောက်အဦးပေါင်း ၅၀ ကိုလည်း တည်ဆောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။
ဒေသခံပြည်သူတို့အနေဖြင့် မိမိတို့လယ်ယာမြေများ ပြန်လည်ရရှိတဲ့အနေအထား တခုထိဖြစ်လာနိုင်ဖို့နဲ့ သင်တန်းကျောင်း စီမံကိန်းကို ဒေသခံတို့က ဆန့်ကျင်ကန့်ကွက် နေကြတဲ့ကြားက အစိုးရဘက်မှ ယခုလိုလျော်ကျေးငွေများ ပြန်လည် ပေးဆောင်မည် ဆိုတဲ့သတင်းများ ထွက်ပေါ်လာတာပါ။
“ရွာသားတွေကတော့ လျော်ကြေးငွေယူမှာ မဟုတ်ဘူး။ ရွာသားတွေလိုချင်တာက သူတို့ရောင်းစားဖို့ လုံးဝမမျော်လင့်ထားတဲ့ သူတို့ မြေယာတွေကို ပြန်ရရှိဖို့နဲ့ ပြန်လည်စိုက်ပျိုး စားသောက်ဖို့ပါဘဲ” လို့ မားပရိုရှေ့ ဒေသခံက ပြောပါတယ်။
အမှတ် - ၁၄ စစ်သင်တန်းကျောင်း ဖြစ်မြောက်ဖို့ စစ်အစိုးရ လက်ထက်ကတည်းက စီမံကိန်း စတင်ခဲ့ကြပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလက ဖရူဆိုမြို့နယ် မားပရိုရှေ့၊ လောဂျာနဲ့ ဒေါလောခူကျေးရွာသားများ ပိုင်ဆိုင်တဲ့ မြေဧက ၂၇၀၀ ကို သိမ်းယူပြီး လုပ်ငန်းအကောင်အထည်များ စတင်ဖေါ်ဆောင် ခဲ့ကြပါတယ်။
ယခုလုပ်နေတဲ့ စစ်လေ့ကျင့်ရေးကျောင်း စီမံကိန်းဟာ အရင်အစိုးရ လက်ထက်ကစတင်ခဲ့တဲ့ အတွက်ကြောင့် အခုချိန်မှာ ဆုံးဖြတ်ချက်ချဖို့ ခက်နေတယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲမပြုလုပ်ခင် KNPP နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့စဉ်မှာ ယခုလို ပြေကြားထားပါတယ်။
“ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပါပါတယ်။ အရင်အစိုးရကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကျနော်တို့ကကျော်လို့မရဘူး။ ဒါကလည်းဖွဲ့ စည်းပုံဥပဒေမှာ ပါတဲ့အချက် တချက်ဖြစ်တယ်။ ဒါစပ်ကူးမတ်ကူး ကာလဖြစ်ခဲ့တဲ့ အတွက် လုပ်ရကိုင်ရအတော် ခက်တဲ့ဥစ္စာဖြစ်တယ်။ ဒါကိုကျော်လွန်ဖို့က သမ္မတကြီးကိုထပ်ပြီး အစီရင်ခံစာတစောင် ရေးပြီးလုပ်ရမယ်”