ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီ အမျိုးသားစာပေကို ပြည်တွင်းမှာ ဆရာဖြစ် နည်းပြသင်တန်းအဖြစ် ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ယမန်နေ့က သင်တန်းဆင်းပွဲ ပြုလုပ်ကြပါတယ်။
၎င်းကရင်နီစာပေကို နည်းပြဆရာ/ မသင်တန်း ဦးရေ ၂၃ ဦးအဖြစ်နဲ့ ဒီးမော့ဆိုမြို့ စည်ပင်ရပ်ကွက်မှာ သင်တန်းဆင်းပွဲကို ကျင်းပနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
"ကျနော်တို့ ဒီကရင်နီစာပေဟာ အားလုံးကျနော်တို့ တိုင်းရင်းသားတွေ အတွက် အရေးကြီးပါတယ်။ အရေးကြီးနေသလို တတ်အောင်လဲကျနော်တို့ သင်ယူကြပါ အခုမွမ်းမံသင်တန်းဆိုတော့ ဆရာ/မ တွေ ဖြစ်ကြပါလိမ့်မယ် တခြားနယ်မြေ တခြားကျေးရွာတွေမှာ ထပ်ပို့ချပေးဖို့ ဆရာ/မတွေမှာ တာဝန်ရှိပါတယ်”
ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ ဗိုလ်မှူး ဘုန်းနိုင် က အခမ်းနားရဲ့ မိန့်ခွန်းမှာ ပြောကြားသွား တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း ၎င်းကရင်နီစာပေကို ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာမှာ ပြန်လည်ပို့ချဖို့ စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
သေဆူလဲကျေးရွာမှ ဆရာမပလုဖော်က "အခုကနစ်ပတ် သုံးပတ်နဲ့ ရေးတတ် ဖတ်တတ်နေပါပြီ အခုကျမမှာလဲ ရွာမှာဆိုရင် ကလေးတွေကို ကျူရှင် ပြပေးနေပါတယ် ကျမသူတို့ကိုလဲ ပြန်ပြီးသင်ကြားပေးမှာ ဖြစ်တယ်" လို့ ပြောပါတယ်။
ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီဘာသာ စာပေက သင်ယူရတာ လွယ်ကူတယ်လို့ သင်တန်းတက် ရောက်နေတဲ့ ဆရာကေးဖိုး က အခုလိုပြောပါတယ်။
"စာပေနဲ့ပတ်သက်ပြီကျနော် သင်တန်းကိုအတော် များများတက်ဖူးပြီးပါပြီ ဆရာကြီး ထဲဘူးဖဲဖန်တီးထားတဲ့ စာကအခုတခါပဲတွေ့ဖူးတယ် ဒါပေမဲ့ သင်ယူရတာက ကိုယ့်စကားကိုတတ်တဲ့ အခါတော့ သိပ်အခက်ခဲမရှိပါဘူး သင်ယူရတာ ကျနော်အတွက် လွယ်ပါတယ်” လို့ ပြောပါတယ်။
ဆရာဖြစ်နည်းပြသင်တန်းကို စက်တင်ဘာလ ၁၃ ရက်ကနေ ၂၇ ရက်နေ့ အထိသင်ကြားပို့ချပေးတာဖြစ်ပါ တယ်။ သင်တန်းဆင်းပွဲ အခမ်းနားမှာ မြန်မာအစိုးရဘက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေအပါအဝင် လူဦးရေတစ်ရာနီးပါး တက်ရောက် အားပေးကြပါတယ်။