ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ပထမဆုံးအကြိမ် ပြည်တွင်းမှာကျင်းပ

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ပထမဆုံးအကြိမ် ပြည်တွင်းမှာကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့မှာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ကရင်နီပြည်တွင်း၌ ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးအခမ်းအနား (ဓါတ်ပုံ-ကေတီ)

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့  နေ့ထူးနေ့မြတ်က လူတိုင်းသိသင့်  တယ်ဆိုပြီး ယခုလိုကျင်းပပြု လုပ်ရခြင်းဖြစ်တယ်လို့ ကေးထျိုးဘိုး လူမှုအဖွဲ့အစည်းမှ ဆရာပလုရယ်က ပြောကြားပါတယ်။

"ဒီအခမ်းအနားမှာ တက်ရောက်လာကြတဲ့ အဖွဲ့စည်းအသီးသီးမှ လူကြီးမင်းများ နဲ့ ရပ်မိ ရပ်ဖများ အားလုံး ဒီနေ့ဟာ ပိုပြီးမှ ခိုင်မာတဲ့ Network ကွန်ရက် ရလာပြီးလို့ ခံယူမယ်ဆိုရင် ခံယူလို့ ရနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်သလို ကျနော်တို့ ကယားပြည်နယ်မှာတော့ ကျန်တဲ့တိုင်းနှင့်ပြည် နယ်နဲ့ ဆိုင်ရင်တော့ နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေ အခုလို ငြိမ်းချမ်းရေး နေ့မျိုးတွေကို သိရှိတာ အရမ်းအားနည်းနေသေးတယ်"

ယမန်နေ့က လွိုင်ကော်မြို့ သီရိဒေါ နှစ်ခြင်းခရစ်ယာန်အသင်းတော်ခန်းမမှာ ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနားပွဲမှာ ဆရာပလုရယ်က ပြောကြားသွားခြင်းဖြစ်ပါတယ်။

အဲဒီအခမ်းအနားမှာ ပြည်နယ်တွင်းမှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေအားလုံးနဲ့ လူငယ်တွေဦးဆောင်ပြီး ပြုလုပ်နေကြတာဖြစ်ပါတယ်။

အခမ်းအနားတက်ရောက်လာတဲ့ ဒွေးမယ်နော်ကွန်ရက်အဖွဲ့မှ တာဝန်ခံ ဖြစ်တဲ့ မစမ်းစမ်းဝင်းက " ဒီနေ့ ကမ္ဘာ့ငြိမ်းရေးနေ့မှာ ကျမနိုင်ငံတကာနဲ့ ယှဉ်ပြီးတော့ မပြောတော့ပါဘူး  ကျမတို့ မြန်မာ နိုင်ငံထဲမှာပဲ အခု လက်ရှိ အခြေနေမှာဆိုရင် ကရင်ပြည်မှာပဲဖြစ် ကချင်ပြည်မှာပဲဖြစ်ဖြစ် ပြည်တွင်းစစ်ဆိုတာ ဖြစ်နေဆဲပါပဲ။ ဒါတွေကို ရပ်တန့်ပေးပါလို့ ကျမနေနဲ့ ပြောချင်တယ်" လို့ပါတယ်။

ပထမဆုံးအကြိမ် ကယားပြည်နယ်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းရေးနေ့အခမ်းအနားမှာ ကယားပြည်နယ်တွင်းရှိ NGOs  အဖွဲ့စီးများအပါအဝင် လူမူအသင်းအဖွဲ့ဝင်ပေါင်း ၂၅ ဖွဲ့နဲ့ လူဦးရေ စုစုပေါင်း၂၀၀ နီးပါး တက်ရောက်ကြပါတယ်။