ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင်း WLB ကပြော

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင်း WLB ကပြော
by -
ဇော်ကြီး

အစိုးရက တိုင်းရင်သား လက်နက်ကိုင် တပ်ဖွဲ့အားလုံးနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးသလို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အတွက် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် စိုးရိမ်ကြောင်း WLB အဖွဲ့ကပြောသည်။

ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် ရှမ်း၊ ကရင် စသည့်တိုင်းရင်းသား ဒေသများအတွင်း တိုက်ပွဲများ၊ တင်းမာမှုများဖြစ်ပွား နေသည့်အပေါ် ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ယနေ့ ကျရောက်သည့် (၁၁) ကြိမ်မြောက် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် အစိုးရ အနေဖြင့် အထိမ်းအမှတ် လှုပ်ရှားမှုများ လုပ်ဆောင်သင့်သလို တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က တိုက်တွန်း ပြောဆိုလိုက်သည်။

တချိန်တည်းတွင် စစ်ပွဲများ ရပ်ဆိုင်းရေးနှင့် တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး ဆန္ဒ ဖော်ထုတ်သည့် လှုပ်ရှားမှု များကို အစိုးရက ဟန့်တားနေသော်လည်း လှုပ်ရှားသူများက ရန်ကုန်မြို့ပေါ် ရပ်ကွက်များအတွင်း ငြိမ်းချမ်းစွာ လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အစိုးရဘက်က ချမှတ် လုပ်ဆောင်ရာ၌ အဟန့်အတား များစွာ ရှိနေပြီး တိုင်းရင်း သားအားလုံး၏ ဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်မှသာ ရေရှည် ငြိမ်းချမ်းရေး အတွက် အလားအလာကောင်းနိုင် မည်ဟု WLB အဖွဲ့ နာယက ဂျန်မွန်းနေလီက အခုလို ပြောဆိုသည်။

“အစိုးရအနေနဲ့ ကိုယ့်ဘက်က ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း လုပ်ရမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ဘယ်နည်းလမ်းက ကောင်းသလဲဆိုတဲ့အပေါ် အားလုံးရဲ့ ပါ၀င်ဆွေးနွေးမှုကို အဓိကထားပြီး လမ်းစဉ်တွေ ချမှတ်ပြီးတော့ လုပ်သွားမယ် ဆိုလို့ရှိရင် တကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရောက်လာနိုင်တယ်ပေ့ါ။”

သို့သော် လက်ရှိတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် ရှမ်းနှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ မကြာခန တိုက်ပွဲဖြစ်ပွားနေပြီး ဒေသတွင်း တင်းမာသည့် အနေအထားများ ဖြစ်ပေါ်နေခြင်းသည် နှစ်ဘက် သဘောတူညီ ချက်အပေါ် အစိုးရတပ်က လေးစားလိုက်နာမှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး အဆင့်သည် နှစ်ဖက် ယုံကြည်မှုတည်ဆောက်သည့် ကာလဖြစ်၍ ကတိကဝတ် ဖောက်ဖျက်မှုများက ရေရှည် ငြိမ်းချမ်းရေးအတွက် အဟန့် အတား ဖြစ်စေကြောင်း “အဓိက ယုံကြည်မှု တည်ဆောက်တဲ့ အချိန်မှာ အချင်းချင်း ပြန်ပြီး တော့ ပစ်ကြတယ်။ ကတိတွေ ချိုးဖောက်တယ် ဆိုတာ ရေရှည်ကိုရောက်ဖို့အတွက် တော်တော်လေး အဟန့်အတား ဖြစ်တာပေ့ါနော်။ ဆိုတော့ ရေရှည်မှာတော့ ဒါက တော်တော်လေး စိုးရိမ်စရာ ဖြစ်တယ်လို့ ကျမတို့ မြင်တယ်လေ။” ဟု ဂျန်မွန်းနေလီက ဆိုသည်။

နှစ်ပေါင်း (၆၀) ကျော်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ ပို၍ ဒုက္ခရောက်ရသလို အစိုးရနှင့် KIO တို့ တိုက်ပွဲ ပြန်ဖြစ်ခဲ့သည့် တနှစ်ကျော်ကာလ အတွင်း ကချင်ပြည်နယ်၌ အစိုးရတပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် မှု (၆၀) ကျော်ကျူးလွန်ခဲ့ကြောင်းနှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် (၁၀၀) ခန့် ဖြစ်ပွား ခဲ့ကြောင်း WLB  မှတ်တမ်း များအရ သိရသည်ဟု ၎င်းက ဆက်ပြောသည်။

တချိန်တည်းတွင် ကရင်အမျိုးသမီး အစည်းအရုံး KWO အဖွဲ့က ဦးဆောင်၍ ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ တွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ကျင်းပခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး KNU က သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့အပြင် အစိုးရနှင့် KNU အဖွဲ့တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါ၀င်ဆောင်ရွက် ခဲ့သည့် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်အား KWO အဖွဲ့မှ ဂုဏ်ပြု လက်မှတ် ပေးအပ်ခဲ့ကြောင်း အခမ်းအနားတက် ရောက်သူတဦးက အခုလို ပြောဆိုသည်။

“လက်ရှိ အထွေထွေ အတွင်းရေးမှူးချုပ်ဟာလည်း အရင်က KWO ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့တယ်။ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တလျောက်လုံးမှာလည်း ပါ၀င်ခဲ့တယ် ပေ့ါနော်။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာလည်း ဦးဆောင် ပါ၀င်ဆောင်ရွက်နေတဲ့ အပေါ်မှာ ဂုဏ်ပြုတဲ့ အနေနဲ့ ပံ့ပိုးအားပေးတဲ့ အနေနဲ့ KWO ကပေးတာပေ့ါနော်။”

WLB အဖွဲ့၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး အပါအဝင် အချက် (၇) ချက်ကို တောင်းဆိုလိုက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အမျိုးသမီးများ ပိုမို ပူးပေါင်း ပါ၀င်ရေးကို အလေးထား စဉ်းစားပေးရန် ဖော်ပြထားသည်။

Most read this week