ကရင်နီပြည်နယ် ရှားတောမြို့နယ် မြောက်ပိုင်းအုပ်စု ကျေးရွာတွင် နေထိုင်ကြတဲ့ ဒေသခံရွာသားတွေက ထင်းရူးတောင် တပ်စခန်းအတွက် ဆန်အိတ်တွေကို ထမ်းပိုးသယ်ဆောင် ပေးနေရတယ်လို့ သိရပါတယ်။
ဒေါမူလဲရွာသွားတဲ့လမ်းဟာ တောက်လျှောက်တောင်တက်ခရီးဖြစ်ပြီး ယခုလို မိုးရာသီအချိန်မှာ အန္တာရာယ် ရှိတယ်လို့ ရှားတောမြို့ နယ်အတွင်းရှိ ကျေးရွာတရွာမှ ဒေသခံ တဦးက ပြောပါတယ်။
“တောင်ထိပ်ထိတက်ရတာ မလွယ်ဘူး။ လူတယောက်ကို အဲဒီထိ ထမ်းတက်ရင် အနည်းဆုံး ဆန်တပုံးဘဲနိုင် မှာပေါ့ အခုက ၂ ယောက်ကိုတအိတ်စီ ထမ်းရပါတယ်။ ပွိုင့် ၅၁၅၀ ထင်းရူးတောင်တပ်စခန်းမှာ နယ်ခြားစောင့် တပ်နဲ့ ဗမာစစ်တပ်ရှိပါတယ်” လို့ ပြောပါတယ်။
နယ်ခြားစောင့်တပ် ၁၀၀၅ တပ်ကနေပြီး ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀ နှုန်းပေးပြီး သရီးဒါးရွာမှ ဒေါမူလယ် ရွာအထိသယ်ခိုင်းတယ်လို့ သိရပါတယ်။
ဒေါမူလယ်ရွာမှတဆင့် ထင်းရူးတောင်တပ်စခန်းသို့ ထပ်ဆင့်သယ်သွားရတာ ဖြစ်ပါတယ်လို့သိရပါတယ်။
ဆန်အိတ်တွေ ထမ်းပို့ပေးခဲ့ရတဲ့ ဒေသခံတဦးက “ကျနော်တို့ကို လုပ်အားခတော့ပေးပါတယ်။ ဆန်အိတ် ၁၂ အိတ် သယ်ရတယ်။ တအိတ်ကို ၅၀၀၀ ကျပ်ပေးတယ်။ တနေကုန် ဆန်တအိတ်ပဲ သယ်နိုင်တယ်။ တအိတ်ကို ၂ ယောက်ထမ်းတယ်။ တယောက်ကို ၂၅၀၀ ကျပ်ပဲရတယ်။ တကယ်တမ်းတော့ တောင်တက်ရတာဆိုတော့ ဘယ်သယ်နိုင်မလဲ။ ရေရှည်ကျနော်တို့ ဒီဒဏ်ကိုမခံနိုင်ဘူး။ တောင်တက်ရတယ်။ အခုချိန်က လမ်းလည်း မကောင်းဘူး။ လမ်းဆိုးတယ်။ လမ်းချောတယ်” လို့ ပြောပါတယ်။
ယခုလို နယ်ခြားစောင့်တပ် (သို ့မဟုတ်) စစ်တပ်အတွက်ဖြစ်စေ ရိက္ခာတွေကို အခကြေးငွေပေးပြီး စေခိုင်းသော်လည်း ဒေသခံလူထုက မိမိတို့ရဲ့ အလုပ်အကိုင်တွေ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်စေ၍ စစ်တပ်နဲ ့ နယ်ခြားစောင့်တပ်တွေကို ကြောက်နေရလို့သာလျှင် လုပ်ပေးနေရတယ်လို့ ပြောပါတယ်။
“မကိုက်ဘူး။ မတတ်နိုင်ဘူး။ ကျနော်တို့မှာ တခြားတောင်ယာလုပ်ငန်းတွေ လုပ်စရာအများကြီးရှိတယ်။ စပါးတွေ စိုက်ထားတာ အဲဒါတွေလုပ်ရတယ်။ ကြည့်ရတယ်။ မအားဘူး။ မိုးထဲရေထဲမှာ သွားနေရတာ။ မသွားရင်လည်း သူတို ့ကို ကြောက်ရတယ်။ အခုပါသွားတာ ရွာသားအားလုံး အယောက် ၂၀ ကျော် ပါတယ်” လို့ ပြောပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးနေကြသော်လည်းပဲ လုပ်အားပေး စေခိုုင်းမှုတွေ အခွင့်အရေးချိုးဖောက်မှုပြသာနာတွေဟာ ကရင်နီပြည်နယ်ထဲမှာ ရှိနေဆဲပဲဲဖြစ်ပါတယ်။
ထိုကဲ့သို့ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ကိစ္စရပ်တွေ၊ တပ်ဖွဲ့အသီးသီးကနေပြီး လူထုတွေရဲ့ ဘဝလုံခြံုမှုကို ထိပါးစေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေ ရပ်ဆိုင်းဘို ့အတွက် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့ခေါင်းဆောင်တွေက အစိုးရနဲ့တွေ့ဆုံ ဆွေးနွေးစဉ်တွေမှာ လည်း ဆွေးနွေးတင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။