တပ်ပိုင်လယ်တွေ အခမဲ ့ပြန်လည်လုပ်ကိုင်ခွင့်ပေး

တပ်ပိုင်လယ်တွေ အခမဲ ့ပြန်လည်လုပ်ကိုင်ခွင့်ပေး
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအနီးရှိ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ - ရ) လက်အောက်ခံ ခလရ ၁၀၂ တပ်ရင်းပိုင်လယ်တွေကို ဒေသခံလူထုအား ယခုနှစ်အတွင်း အခမဲ့စိုက်ပျိုး လုပ်ကိုင်ခွင့် ပေးထားတယ်လို့ သိရပါတယ်။

တပ်လယ်တွေလုပ်ကိုင် စိုက်ပျိုးနေကြသည့် ဒေသခံများမြင်တွေ့ရစဉ် (ဓါတ်ပုံ-ကယားလီဖု)

တပ်ပိုင်လယ်ကို စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဒီးမော့ဆိုမြို့မှ ဒေသခံတဦးက “စစ်တပ်ကပိုင်တဲ့ လယ်တွေအရင်က ငှားပြီးလုပ်စား နေကြတဲ့သူတွေကို အခု အလကားလုပ်ခိုင်းတယ်။ လယ်လုပ်စားခ မယူတော့ဘူးပေါ့။ ကိုယ်ပိုင်တော့ မဟုတ်ဘူး ၁၀၂ တပ်ရင်းက ပိုင်တဲ့ လယ်တွေပါ” လို့ ပြောပါတယ်။

၁၀၂ တပ်ရင်းပိုင် လယ်တွေမှာ မိုးစပါးအပါအဝင် နွေစပါးစိုက်ပျိုး လုပ်ကိုင်ထားကြသည့် ဒေသခံတွေကို ၂၀၁၂ ခုနှစ်အတွက် လယ်သီးစားခ ပေးဆောင် ခဲ့ပြီးသည့် တောင်သူတွေကို လည်း ငွေတွေပြန်းအမ်းပေးနေတယ်လို့ သိရပါတယ်။

နွေစပါးစိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ ဒေသခံတဦးက “သူတို့ကတော့ အခုအလကားလုပ်ခိုင်းတယ်။ ဘယ်လိုသဘော မျိုးနဲ့ လည်းတော့ သေချာ မသိသေးဘူး။ နွေကလုပ်ခဲ့တဲ့ စပါးအတွက် ကို ငွေပြန်အမ်းတော့ပြန်ယူတာပေါ့။ တခုခုပြန်လုပ်မှာကိုတော့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

လယ်သီးစားခအဖြင့် တစ်ဧကလျှင် တစ်သီးစား စပါး ၁၄ ပုံးပေးဆောင်ရပြီး စပါးမပေးနိုင်ရင် စပါး ၁၄ ပုံးနှင့် ညီမျှတဲ့ပေါက်စျေး အတိုင်း ငွေကြေးတန်ဖိုးကို ပေးဆောင်ခဲ့ကြရတာပါ။

လယ်မြေတွေက အစိုးရပိုင်မြေဖြစ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ကို ယာယီပေးထားတဲ့လယ်တွေဖြစ်ကာ စစ်တပ်ကနေ ပြန်ယူ ထားတာ ဖြစ်ပါတယ်။

မြေစာရင်းဌာနမှ စာရင်းအရ ဦးပိုင် ၂၃၊ အမှတ် (၁၄) ကွင်းက ဧက ၂၀၀ လောက်ရှိတဲ့ လယ်မြေဟာ ဧက၂၀ က စိုက်ပျိုးရေးဌာနက ပိုင်ဆိုင်ပြီး၊ ဧက ၁၀၀ နီးပါးကတော့ ၄၂၇ တပ်ရင်းကပိုင်ဆိုင်တာ ဖြစ်ကာ ကျန်တဲ့ ၈၇ ဧက ကတော့ ၁၀၂ တပ်ရင်းကပိုင်တာဖြစ်ပါတယ်။

(၁၀၂) တပ်ရင်းပိုင်တဲ့ ၈၇ ဧကကို အခမဲ့ စိုက်ပျိုးလုပ်ကိုင်ခွင့် ပေးထားတာဖြစ်ပါတယ်။  ခမရ (၄၂၇)တပ်ရင်း ကပိုင်တဲ့ လယ်တွေကိုတော့ ဒေသခံများအား အခမဲ့လုပ်ကိုင်ခွင့်ပြုတယ် မပြုဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲဒီ တပ်ပိုင်လယ်တွေကို ငွေတောင်၊ ဒေါငံခါး၊ မြို့မ၊ ညောင်ကုန်းကျေးရွာ တွေဘက်က တောင်သူတွေက ဧက အနည်းငယ်စီမှာ စိုက်ပျိုးလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင်(၁၀၂) တပ်ရင်းကနေသိမ်းထားတဲ့ ဒေါကလိုးခူ၊ ဒေါကလိုက်လင်၊ ဒေါတမငယ်၊ ဒေါဒူ၊ ပါဒေါဒူ၊ ဒေါပေါ်ကလဲရွာက ဒေသခံတွေရဲ့ လယ်ဧက ၁၅၀ ခန့်ကိုလည်း ယခင်က လယ်သီးစားခယူပြီးငှားရမ်း လုပ်ကိုင်ခွင့်ပေးခဲ့တဲ့ လယ်တွေကိုလည်း ယခုနှစ်အတွင်း အခကြေးငွေမယူတော့ဘူးလို့ သိရပါတယ်။

အဲဒီလယ်တွေဟာ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေဖြစ်ပြီး ၁၉၈၆ ခုနှစ်က စစ်တပ်ရဲ ့သိမ်းဆည်းခြင်းခံခဲ့ရတဲ့ လယ်တွေဖြစ်ပါတယ်။

ဒေါငံခါးကျေးရွာအုပ်စု၊ ငွေတောင်အုပ်စု၊ မြို့မအုပ်စု၊ သေးဆူလဲအုပ်စုနှင့် ၆ မိုင်ကျေးရွာအုပ်စုတွေက ဒေသခံတွေဟာ ၁၉၉၀-၉၁ ခုနှစ်တုန်းက တပ်ပိုင်လယ်တွေမှာ လုပ်အားပေး လယ်လုပ်ပေးခဲ့ကြရတာ ဖြစ်ပါတယ်။

မကြာသေးမှီကာလကလည်း အဆိုပါ (၁၀၂) တပ်ရင်းက လယ်တွေထပ်တိုးချဲ့ဖို့ ဆိုင်းဘုတ်တွေကို လိုက်ပြီးစိုက်ထူ နေခဲ့လို့ ဒေသခံတချို့က သက်ဆိုင်ရာအစိုးရဌာနတွေဆီကို စာရေးပေးပို့ခဲ့ကြတယ်လို့ လည်း သိရပါတယ်။

တပ်ပိုင်လယ်အနီးမှာ လယ်လုပ်နေတဲ့ တောင်သူတဦးက “လယ်တွေသိမ်းထားတဲ့အထဲက နောက်ထပ် ဆိုင်းဘုတ်တွေနဲ ့ လယ်တွေတိုးချဲ့လာတယ်။ သူများတွေ တင်ပြထားတော့ သူတို့စိုက်ထားတဲ့ ဆိုင်းဘုတ် တွေအားလုံးကို ပြန်ရုတ်သိမ်းသွားခဲ့တယ်” လို့ ပြောပါတယ်။