တာချီလိတ်တွင် ရာဘထုတ်လုပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

တာချီလိတ်တွင် ရာဘထုတ်လုပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
by -
ဇော်ကြီး

မြန်မာပြည်အရှေ့ခြမ်း တာချီလိတ်မြို့နယ်အတွင်း ရာဘခေါ် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်တလုံး အပါအဝင် ရာဘဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများ ယနေ့နံနက်က ဖမ်းမိသည်။

တာချီလိတ် ခရိုင်ရဲ၊ စစ်ဖက်ရေးရာ လုံခြံုရေးအဖွဲ့ (စရဖ)နှင့် မူးယစ်အထူးအဖွဲ့မှ တာဝန်ရှိသူများက ဟောင်လိတ် ကျေးရွာအုပ်စု၊ ၀ိန်းကျောက် ကျေးရွာရှိ မောင်လောတ၏ နေအိမ်သို့ သတင်းအရ ၀င်ရောက်ရှာဖွေရာမှ ဖမ်းမိခြင်းဖြစ်သည်ဟု အာဏာပိုင်နှင့် နီးစပ်သူ တာချီလိတ်မြို့ခံ တဦးက အခုလို ပြောသည်။

“ကီလိုနဲ့မိတာလေ။ ရာဘက (၇) ကီလို၊ သူ့ကို လုပ်တဲ့ အမှုန့်က လေးကီလို မိတယ်။ နောက် လျှပ်စစ်မော် တာနဲ့ ဆေးထုတ်လုပ်တဲ့ စက် တလုံးမိတယ်။ အရောင်စပ်တဲ့ ဆေးရည်က တစ်လီတာ တလုံးမိတယ်။ အရောင် အမှုန့်က တစ်လီတာ နှစ်လုံး၊ မိတယ်။”

ရာဘ အလုံးရေ မည်မျှရှိသည်ကို မသိသေးသော်လည်း ဖမ်းဆီးမိသည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါး ကာလတန်ဖိုး သိန်း (၁၀၀၀) ကျော်ခန့် ရှိနိုင်ကြောင်း ဒေသခံက ခန့်မှန်း ပြောဆိုသည်။

လောလောဆယ် လောတ အပါအဝင် လူလေးဦးအား တာချီလိတ် မြို့နယ် မူးယစ် အထူးတပ်ဖွဲ့က ထိန်းသိမ်း ထားကြောင်း သိရသည်။

ရွှေတြိဂံဒေသတွင် လှုပ်ရှားနေသည့် မူးယစ်ဆေးဝါး ခေါင်းဆောင် စိုင်းနော်ခမ်းအား လွန်ခဲ့သည့် ဧပြီလ (၂၅) ရက်နေ့က လောနိုင်ငံဖက်ခြမ်းတွင် ဖမ်းဆီးမိပြီးနောက် လက်ကျန် တပ်ဖွဲ့များ အစိုးရထံ လက်နက်ချ အလင်း ၀င်ရောက် လာခဲ့သည်။

သို့သော် စိုင်းနော်ခမ်း အပါအဝင် ၎င်း၏တပ်ဖွဲ့ဝင်များ အားနည်းသွားသော်လည်း ဒေသတွင်း မူးယစ်ဆေးဝါး လုံးဝပျောက်ကွယ်သွားမည် မဟုတ်ကြောင်း မူးယစ်ဆေးဝါး စောင့်ကြည့် သူများက သုံးသပ်ပြောဆိုသည်။

Most read this week