ကရင်နီပြည်နယ် ရှားတောမြို့ စုစည်းရွာများအားလုံးကို လျှပ်စစ်မီး တနေ့လျှင် ၃ နာရီပေးဖို့အတွက် လျှပ်စစ်ဌာနမှ စီမံကိန်းတွေကို စတင်အကောင် အထည်ဖော်နေကြပါတယ်။
လျှပ်စစ်မီးကို ဒီဇယ်နဲ့လည်ပတ်တဲ့ 300 KVA မီးစက်ကို အသုံးပြုပြီး ရှားတောမြို့အပါအဝင် ရှားတောမြို့သို့ လာရောက် စုစည်းနေကြ တဲ့ တောင်ပိုင်းစုစည်းရွာ၊ မြောက်ပိုင်းစုစည်းရွာ၊ အလယ်ပိုင်းစုစည်းရွာတွေကို ဖြန့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရှားတောမြို့မှ ဒေသခံ အမျိုးသား တဦးက “နောက် သုံးလေး လကျရင်မီးရမယ်။ မီးစက်ကို အစိုးရ ကပေးတာ။ မီးစက်အသစ်ရပြီ ပြီးခဲ့တဲ့ တရက်လောက် ကရောက်လာတာပါ။ စက်ကြီးဆိုတော့ စုစည်းရွာ အထိတော့ ပေးနိုင်တာပေါ့။” လို့ပြောပါတယ်။
လျှပ်စစ်ဌာနမှ ဝန်ထမ်းတွေက မီးကြိုးတွေ သွယ်တန်းဖို့ ၊ လျှပ်စစ်တိုင်တွေကို စိုက်ထူဖို့ စုစည်းရွာတွေ ဘက်ကို သွားရောက်တိုင်း တာနေကြတာကို တွေ့ရပါတယ်။ ယခင်က 100 KVA မီးစက်ကို အသုံးပြုပြီး လက်ရှိအခြေ အနေမှာတော့ 300 KVA မီးစက်နဲ့ ရှားတောမြို့ပေါ်ကိုသာလျှင် ဖြန့်ဝေနေသေး တာဖြစ်ပါတယ်။
မီးကိုတော့ တနေ့လျှင် ညနေ ၆ နာရီခွဲကနေ ည ၉ နာရီခွဲအချိန်အထိသာ မီးရပါတယ်။ စုစည်းရွာဘက်ကို ဖြန့်ဖြူးမည့်မီးကလည်း ထိုနည်းတူပင် တနေ့လျှင် ၃နာရီစာမျှသာ ရမှာဖြစ်တယ်လို့သိရပါတယ်။
ရှားတောမြို့ပေါ်မှ လျှပ်စစ်ဌာနမှ ဝန်ထမ်းနှင့်နီးစပ်သူ တဦးက “မီးစက်ကို ဒီဇယ်နဲ့လည်တယ်။ မီတာခကတော့ ကုန်ကျစာရိတ်အပေါ်မှာ ကြည့်ပြီးကောက်သွားတာပါ။ တလကို မီတာခ ၂၈၀၀ ၊ ၃၀၀၀ ကျပ်လောက်တော့ ကျပါတယ်။ မီးသီးအခြေအနေကြည့်ပြီး မီတာခ ကောက်ပါတယ်။” လို့ ပြောပါတယ်။
ယခင်ကလည်းရှားတောမြို့ပေါ်မှာ နွားချေးဖြင့် ဇီဝဓါတ်ငွေ့(Bio Gas ) ဓါတ်အားပေးစက်ရုံနဲ့ မြို့ပေါ်မှာ မီးကိုအသုံးပြုခဲ့ကြပါတယ်။ ၎င်းဓါတ်အားပေးစက်ရုံကလည်းယခုအချိန်မှာ နွားချေးမထည့်နိုင်တော့လို့ ဓါတ်အားမပေးနိုင်တော့ဘူးလို့သိရပါတယ်။
ငွေကြေးတတ်နိုင်တဲ့ ဒေသခံတချို့ကတော့ ဆိုလာပြားကိုအသုံးပြုပြီး လျှပ်စစ်မီးကို အသုံးပြုနေကြရတာကို တွေ့ရပါတယ်။
လျှပ်စစ်မီးကိစ္စနဲ့ပတ်သက်လို့လည်း တပြည်နယ် လုံးလျှပ်စစ်မီးရဖို့အရေးကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ အစိုးရ ပဏာမ တွေ့ဆုံဆွေးနွေးခဲ့စဉ် အချိန်ကလည်း ထည့်သွင်းတင်ပြ ဆွေးနွေးခဲ့ကြပြီးဖြစ် ပါတယ်။ လောပိတရေအားလျှပ်စစ်ကနေ ရှားတောမြို့ကို ကားလမ်း မအတိုင်းမဟုတ်ဘဲ လျှပ်စစ်ဓါတ်အား သွယ်တန်းမယ်ဆိုလျှင် ၁၂ မိုင်ကျော်လောက်သာရှိတယ်လို့ သိရပါတယ်။