နိုင်ငံရေးပါတီ ခေါင်းဆောင်များ ထိုင်းလွှတ်တော်အတွင်း လေ့လာမည်

နိုင်ငံရေးပါတီ ခေါင်းဆောင်များ ထိုင်းလွှတ်တော်အတွင်း လေ့လာမည်
by -
ဇော်ကြီး

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ရောက်ရှိနေသည့် မြန်မာပြည်မှ လွှတ်တော် ကိုယ်စားလှယ်အချို့ အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်များက ထိုင်းနိုင်ငံ၏ လွှတ်တော်များသို့ သွားရောက် လေ့လာရန်ရှိသည်။

ချင်းမိုင်တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနတွင် ပြုလုပ်သည့် ဒေသန္တရ အုပ်ချုပ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု သင်တန်း တက်ရောက်ပြီးပါက လက်တွေ့ လုပ်ငန်းစဉ်အရ ဘန်ကောက်သို့ သွားရောက်လေ့လာမည်ဟု ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ သင်တန်းဖြစ်မြောက်ရေး တာဝန်ခံ ဦးအောင်အောင်က အခုလို ပြောသည်။

“ထိုင်းမှာ ရှိတဲ့ ပါလီမန် တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံတွေ လေ့လာဖို့အတွက် ဒီထိုင်းနိုင်ငံကို ခေါ်ရတာပါ။ ချင်းမိုင်တက္ကသိုလ်မှာ အတွေးအခါ်ပိုင်း သင်ပြီးလို့ရှိရင် လက်တွေ့ပိုင်းအရ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းလွှတ်တော်တွေ၊ ဖွဲ့စည်းပုံတွေကို သွားလေ့လာမှာပါ။”

လွှတ်တော်ကိုယ်စားလှယ် (၃) ဦး အပါအဝင် ပါတီဝင်များနှင့် စည်းရုံးရေးမှူး အဆင့်ရှိသူ (၂၂) ဦး တက်ရောက်လျက်ရှိပြီး ရှမ်း၊ ကချင်၊ မွန်၊ ချင်း စသည့် တိုင်းရင်းသား ပါတီ လေးခုနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ ပုဂ္ဂိုလ်များ ပါ၀င်ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းက ချင်းမိုင်မြို့သို့ ရောက်ရှိလာပြီး ယနေ့နံနက်မှ စတင်၍ သင်တန်း ကာလ (၃) ပါတ် ကြာမြှင့်မည်ဟု သိရသည်။ နိုင်ငံတကာ အုပ်ချုပ်ရေးနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို လေ့လာနိုင်ရန် ရည်ရွယ်ထားကြောင်း ဦးအောင်အောင်က အခုလို ပြောဆိုသည်။

“မြန်မာပြည်ထဲက နိုင်ငံရေးပါတီထဲမှာရှိတဲ့ ပါတီဝင်တွေ စည်းရုံးရေးမှူးတွေကို နိုင်ငံရေး ဗဟုသုတနဲ့ အတွေ့အကြံုတွေ ရရှိအောင်လို့ ရည်ရွယ်ချက်ပါပဲ။”

ယင်းသင်တန်းအား ချင်းမိုင်တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနမှ ပါမောက္ခများ၊ ကနေဒါနိုင်ငံမှ နိုင်ငံရေးပညာရှင် များနှင့် ဗဟုအဖွဲ့မှ ဦးအောင်သူငြိမ်း၊ ဦးအောင်နိုင်ဦးတို့မှ ပို့ချပေးသွား မည်ဟု သိရသည်။

မြန်မာပြည်တွင်းရှိ မြန်မာ အီးဂရက် (Myanmar Egress) အဖွဲ့တွင် တလကြာ သင်တန်း တက်ရောက် ခဲ့ပြီး ယခုချင်းမိုင်မြို့သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် တသုတ်ချင်းစီ ခေါ်ယူ၍ လေ့လာနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Most read this week