ဧရာဝတီမြစ်က ပူးပေါင်းဂိတ်သစ်ကြောင့် ဒေသခံများ အခက်အခဲဖြစ်

ဧရာဝတီမြစ်က ပူးပေါင်းဂိတ်သစ်ကြောင့် ဒေသခံများ အခက်အခဲဖြစ်
by -
ဇော်ကြီး

ကချင်ပြည်နယ် အတွင်း ဧရာဝတီ မြစ်တလျောက် အသစ်ဖွင့်လှစ်လိုက်သည့် ပူးပေါင်း ဂိတ်မှ အခွန်ဆောင်ပြီး ကုန်ပစ္စည်းများအပေါ် ထပ်မံကောက်ခံနေမှုကြောင့် ဒေသခံများ အခက်အခဲ ဖြစ်နေသည်။

တာလောကြီးကျေးရွာ ဌာနေပြည်သူ့စစ် တပ်ဖွဲ့အပါအဝင် မြစ်ကြီးနားမြို့ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ခြေလျင်တပ်ရင်း ခလရ (၃၇) မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တာလော ရေပေါက် ဟုခေါ်သည့် နေရာတွင် ဂိတ်အသစ်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ဗန်းမော်မြို့မှ မြစ်ကြီးနားမြို့သို့ အရက်၊ ဘီယာ အပါအဝင် စားသောက်ကုန်များ၊ အထည်အလိပ်နှင့် စက်ကရိယာပစ္စည်းများ သယ်ယူသွားသည့် ရှပ်ပြေးရေယာဉ်များနှင့် အငယ်စားစက်လှေများအပေါ် ကောက်ခံခြင်း ဖြစ်သည်ဟု ဆင်ဘိုမြို့ရှိ မျက်မြင် ဒေသခံ တဦးက အခုလို ပြောသည်။

“ဗန်းမော်ဂိတ်ကနေပြီး ကာစတန်(အကောက်ခွန်)ဆောင်ပြီး လာခဲ့ရင် အဲဒီကာစတန် လက်မှတ်ပြတာတောင်မှ မဆိုင်ဘူးလို့ ပြောတယ်။ သူတို့ကောက်နေတဲ့ဟာကပဲ အတည်ဆိုရင် ဒါဆိုရင် ဗန်းမော်မှာ ကာစတန် ဆောင်ပြီးမှ ယူလာတဲ့ ပစ္စည်းတွေက တရားမဝင်တော့ဘူးလားပေ့ါ။”

ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်၍ ရှပ်ပြေးယာဉ်တစီးလျင် မြန်မာကျပ်ငွေ နှစ်သိန်းမှ သုံးသိန်းအထိ ကောက်ခံပြီး အငယ်စား စက်လှေတစီးလျင် အနည်းဆုံး ကျပ်ငွေ သုံးသောင်းအထိ ပေးဆောင်ကြရသည်။

ဧရာဝတီ မြစ်အတွင်း ဖြတ်သန်းသွားလာသည့် အစုန်အဆန် ရေယာဉ်များ ယင်းဂိတ်သို့ မဝင်ပါက သေနတ်ပစ်ဖောက်ခေါ်ယူမှုများ ရှိသလို အခွန်မဆောင်ပါက ခြိမ်းခြောက် မှုများ ရှိသည်ဟုလည်း အဆိုပါ ဒေသခံက ဆိုသည်။

ယင်းသို့ အခွန်ပေးဆောင်ရသည့်အတွက် ကုန်သည်များအနေဖြင့် နစ်နာမှု မရှိသော်လည်း ကုန်စျေးနှုန်း ပိုမို မြှင့်တက်လာသည့်အတွက် စားသုံးသူများ အခက်အခဲ ဖြစ်ကြရသည်ဟု ၎င်းက အခုလို ဆက်ပြောသည်။

“မပေးဘူးဆိုလို့ရှိရင် သူတို့က ဖမ်းမယ်ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ပုံစံတွေ အများကြီး ရှိတယ်ဗျ။ အဲဒါကြောင့် သွားလာနေတဲ့ စက်လှေပိုင်ရှင်တို့ ကုန်ပစ္စည်း ပိုင်ရှင်တို့ကလည်း အဲဒါမျိုး အဖြစ်မခံနိုင်တဲ့ အခါကျတော့ ပေးရတော့တာပေ့ါဗျာ။ ပေးပြီးတော့လည်း ကုန်သည် က သူ့အတွက် မနာအောင်ဆိုပြီး ကုန်ပစ္စည်းတွေမှာ စျေးပြန်တင်ဆိုတော့ ကျနော်တို့ အောက်ခြေ လူတန်းစားတွေက စျေးကြီးပေးဝယ်နေရတော့့ ပိုခက်လာတာ ပေ့ါဗျာ။” 

ယင်းကိစ္စ တာလောကြီးကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့မှ တာဝန်ရှိသူများ အပါအဝင် မြစ်ကြီးနားရှိ နယ်စပ်ရေးရာ လုံခြံုရေးဝန်ကြီးရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

သို့သော် တာလောကြီးကျေးရွာ ပြည်သူ့စစ်နှင့် နီးစပ်သူတဦးက ကချင်ပြည်နယ်အတွင်း  တိုက်ပွဲများကြောင့် လယ်ယာ လုပ်ငန်း မလုပ်ကိုင်နိုင်သလို ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ စားဝတ်နေရေး အခက်အခဲကြောင့် စေတနာကြေး တောင်းယူခြင်း ဖြစ်သည်ဟု သိရကြောင်း အခုလို ပြောသည်။ 

“ကျနော်သိရသလောက်တော့ သူတို့စေတနာကြေးပဲ တောင်းတာပါတဲ့။ စပါးလည်း မစိုက်ရဆိုတော့ သူတို့ မိသားစုတွေအတွက် တော်တော်ခက်နေကြတယ်လို့ သိရတယ်။ ဒီဒေသက တနှစ်ကို စပါးတင်း ရှစ်ထောင်လောက် ထွက်တဲ့နေရာ ဒီနှစ် စပါးမစိုက်နိုင် ဘူးလေ။”

မြစ်ကြီးနားမြို့ အရှေ့ဖက်ကမ်းရှိ ၀ုိင်းမော်မြို့ခံ တဦးကမူ လူထု လုံခြံုရေးအတွက် ပြည်သူ့စစ်တပ်ဖွဲ့စည်းခြင်းကို လက်ခံသော်လည်း အခွန်ကောက်ခံသည့် ကိစ္စနှင့် ပတ်သက်၍ အစိုးရထံ တာဝန်ရှိကြောင်း အခုလို ပြောဆိုသည်။

“ရပ်ရွာလုံခြံုရေးအတွက် ပြည်သူ့စစ်ဖွဲ့ပေးထားတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ကို ဖြည့်ဆည်းပေးရတဲ့ အပိုင်းနဲ့ ပတ်သက်လို့ အစိုးရမှာ တာဝန်အရှိဆုံးပဲလေ။ ပြည်သူ့စစ်တွေကလည်း ပြည်သူ့စစ်ဖွဲ့ပေးထားတာကို ခုတုံးလုပ်ပြီး အခွင့်အရေး ရရင် ရသလို လုပ်ကြတာတော့ မကောင်းဘူး ပေ့ါဗျာ။ အမှန်ပြောရရင် ကျနော်တို့ကတော့ မကောက်သင့်ဘူးလို့ မြင်တယ်ဗျ။”

လွန်ခဲ့သည့် (၃) လခန့်က ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့မှ အစိုးရထံ လက်နက်ချ အလင်းဝင် ခဲ့သည့် တာလောကြီး ကျေးရွာအုပ်စု အတွင်းမှ ဒေသခံများအား အစိုးရမှ ဌာနေပြည်သူ့စစ် အဖြစ် တရားဝင် ဖွဲ့စည်းပေး ခဲ့သည်။

အဆိုပါဂိတ်အား လွန်ခဲ့သည့် (၂) လခန့်က စတင်၍ အသစ်ဖွင့်လှစ်လိုက်ပြီး ဂိတ်တာဝန် ယူသည့် တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ တပ်ဖွဲ့အလိုက် မကြာခန အလဲအလှည် ပြုလုပ်လေ့ ရှိကြောင်း သိရသည်

Most read this week