၀တပ်ဖွဲ့မှ ဖမ်းဆီးထားသူများ ပြန်လွတ်လာခြင်း မရှိသေးဟု SSA ပြော

၀တပ်ဖွဲ့မှ ဖမ်းဆီးထားသူများ ပြန်လွတ်လာခြင်း မရှိသေးဟု SSA ပြော
by -
ဇော်ကြီး

၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/ SSA တပ်ဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

uwsa
ရှမ်းပြည်တောင်ပိုင်း မိုင်းတုန် မြို့နယ် နားကောင်းမှုး ကျေးရွာအုပ်စုအတွင်း ပုံတောင်း ဒေသ တဝှိုက်ရှိ UWSA တပ်စခန်းဟောင်း နေရာတွင် SSA တပ်ဖွဲ့က တပ်စခန်း ဆောက်လုပ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ (၃၀) ရက်နေ့က UWSA တပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ 

ယင်းကိစ္စ နှစ်ဖက် ဆွေးနွေး ညှိနှိုင်းရန် သြဂုတ်လ (၁) ရက်နေ့နှင့် (၄) ရက်နေ့များက SSA ကိုယ်စားလှယ်တဖွဲ့ UWSA တပ်ဖွဲ့ထံ သွားရောက်ခဲ့သည်။ သို့သော် နှစ်ကြိမ် စလုံး တစုံတရာ ဆွေးနွေးမှု မလုပ်ခဲ့ရကြောင်း SSA တပ်ဖွဲ့မှ ရှေ့တန်း တပ်မှူး တဦးက အခုလို ပြောသည်။

“သူတို့ခေါ်လို့ ငါတို့ဖက်က လူလွတ်သွားလိုက်တယ်လေ။ အဲဒါ လုံးဝ မဆွေးနွေး ခဲ့ရဘူး။ ဘာမှကို မပြောခဲ့ရဘူး။ ဆွေးနွေးဖို့ သွားတဲ့လူတွေလည်း ဒီတိုင်းပဲ ပြန်လာခဲ့ရတယ်။ သူတို့ တခုတော့ ပြောလာတယ်။ မင်းတို့လူတွေအတွက် စိတ်အေးအေးထားပါ။ ငါတို့ ကောင်းကောင်း မွန်မွန်ထားပါတယ်။ ဘာမှ မပူပါနဲ့တဲ့။”

နားကောင်းမူး ကျေးရွာ အရှေ့ဖက်ရှိ ထိုင်းမြန်မာနယ်စပ် တနေရာတွင် အခြေစိုက်ထား သည့် SSA တပ်မဟာ (၇၂၇) မှ တပ်ဖွဲ့ဝင် (၂၀) ခန့်အပါအဝင် လက်နက်၊ ခဲယမ်း (၁၅) လက်ခန့် အဖမ်းအဆီး ခံထားရကြောင်းနှင့် စာရင်းအတိ အကျကို စိစစ်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လောလောဆယ် ယင်းဒေသအတွင်း UWSA တပ်ဖွဲ့ဝင် (၁၀၀၀) ခန့် အင်အား ဖြည့်တင်းထားပြီး ၎င်းတို့၏ ယခင် စခန်းဟောင်း နေရာများတွင် ပြန်လည် တပ်စွဲ ထားကြောင်းနှင့် တပ်စခန်းများ ပြုပြင်ဆောက်လုပ် နေသည်ဟုလည်း ဆိုသည်။

ထို့အပြင် ကားလမ်း တလျောက် အဓိကကျသည့် လမ်းဆုံများတွင် UWSA တပ်ဖွဲ့ဝင်များ နေရာယူထားသလို နားကောင်းမူး၊ ပုံပါကျင်၊ မိန်းဟန်၊ မောက်ဇလီ၊ နားပါကော် စသည့် ကျေးရွာများရှိ အရပ်သားများအား ရွာပြင်ထွက်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

SSA တပ်မဟာ (၇၂၇) တပ်မဟာမှူး စောဝ်တင်းခေးက အဖမ်းခံထားသူများအား UWSA တပ်မဟာ (၇၇၂) အခြေစိုက်ရာ မိန်းကျွတ်မြို့ “၀”တပ် စခန်းအတွင်း ထိန်းသိမ်းထား သော်လည်း ချုပ်နှောင်ထားခြင်းမရှိဟု ဒေသခံများထံက သိရကြောင်းနှင့် မကြာမီ ပြန်လွတ်ပေးမည်ဟု UWSA ဖက်က တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း အခုလို ပြောသည်။ 

“ခင်ဗျားတို့ စိတ်မပူပါနဲ့။ ခင်ဗျားတို့လူတွေကို ကောင်းကောင်းထားပါတယ်တဲ့။ ကျနော်တို့ အထက်ကို တင်ပြထားတယ်။ အထက်က အမိန့်စောင့်နေတာပါတဲ့။ မကြာခင်မှာပဲ ပြန်လွတ် ပေးမှာပါလို့ ပြောလာတယ်။”

UWSA နှင့် RCSS/ SSA တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် ရှမ်းပြည်နယ် အတွင်း တည်ရှိပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ထားကြသည်။ သို့သော် ဒေသတွင်း နယ်မြေ သတ်မှတ်ရေးနှင့် ပတ်သက်၍ ယင်းနှစ်ဖွဲ့ အနေဖြင့် သီးသန့် သဘောတူထားခြင်းမျိုး မရှိသေးကြောင်း သိရသည်။

သို့သော် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် လက်မှတ်ရေးထိုးခဲ့စဉ်က မိန်းတော့နှင့် မိန်းထား မြို့နယ်များအား ဗဟိုဌာနချုပ် ဒေသအဖြစ် သတ်မှတ်ပေးရန် SSA တပ်ဖွဲ့က တောင်းဆို ခဲ့သည်။ အတည်ပြု၍ မရသည့် သတင်းအရ ယင်းဒေသတွင် အခြေစိုက် ထားသည့် UWSA တပ်စခန်း (၁၀) ခုခန့်အား အစိုးရတပ်က ပြောင်းရွှေ့ ခိုင်းနေကြောင်း သိရသည်။

Most read this week