ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ထိုင်းရှိ NGO အဖွဲ့တချို့နှင့်တွေ့

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ထိုင်းရှိ NGO အဖွဲ့တချို့နှင့်တွေ့
by -
ဇော်ကြီး

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် NGO အဖွဲ့ တချို့တို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ယနေ့နံနက်က တွေ့ဆုံခဲ့သည်။

uaungkyi-1

တွေ့ဆုံပွဲတွင် ယာယီနိုင်ငံကူးလက်မှတ် ကိစ္စ အပါအဝင် ထိုင်းရှိ မြန်မာ အလုပ်သမားများ ကြံုတွေ့ ရသည့် ပြဿနာများ၊ အခက်အခဲများကို NGO အဖွဲ့များက ၀န်ကြီးထံ တင်ပြခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ အလုပ်သမား ဥပဒေအချို့အား ပြုပြင်နိုင်ရန် မြန်မာ အစိုးရ အနေဖြင့် ဖိအားပေးသင့် ကြောင်းနှင့် နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်သင့်ကြောင်းလည်း တင်ပြခဲ့သည်။

ယင်းတို့အနက် ကိုယ်ဝန်ဆောင် အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း ကလေးမွေးဖွားခွင့် မပြုသည့် ဥပဒေကို ထိုင်းအလုပ်သမား ၀န်ကြီး ဌာနက အသစ်ပြဌာန်းရန် ပြင်ဆင် နေသည့် ကိစ္စအား တင်ပြခဲ့ရာ ထိုင်းအစိုးရနှင့် ပြန်လည် ဆွေးနွေး ပေးမည်ဟု ၀န်ကြီး ဦးအောင်ကြည်က ပြောဆိုကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း FED အဖွဲ့မှ ဒါရိုက်တာ ဦးထူးချစ်က အခုလို ပြောသည်။

“သူက သေခြာပြောသွားတာကတော့ ဒါကြီးဟာ မဖြစ်သင့်ဘူး၊ ဒါ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာပဲ ဆိုတဲ့ဟာမျိုး ပေ့ါနော်။ သူတို့အနေနဲ့ ဒါကို သေခြာလေး ပြန်ဆွေးနွေးမယ်ဆိုတဲ့ဟာမျိုးကို ပြောသွားတာ ရှိပါတယ်။ တိတိကျကျပါပဲ။”

ကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း မီးဖွားခွင့် မပြုရန်၊ အကယ်၍ ကိုယ်ဝန် လေးလခန့်ရှိပါက မူရင်းဌာနေ နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည့် ဥပဒေကြမ်း တရပ်ကို အတည်ပြု ပြဌာန်းပေးရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ ထိုင်းအစိုးရအဖွဲ့အား လွန်ခဲ့သည့် လက တင်ပြခဲ့သည်။

ယင်းဥပဒေကြမ်းအား ထိုင်းအစိုးရက အတည်မပြုမီ ပြန်လည် စိစစ်ပေးရန် ထိုင်းနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ထံ စာရေး တင်ပြထားသည်။

MAP ဖောင်ဒေးရှင်းအဖွဲ့မှ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ မမိုင်က ယနေ့ တွေ့ဆုံပွဲတွင် ၀န်ကြီး ဦးအောင်ကြည်နှင့် ရင်းနှီးပွင့်လင်းစွာ ပြောဆိုခွင့် ရသည့်အတွက် NGO အဖွဲ့များက အားရကျေနပ်မှု ရှိကြကြောင်း အခုလိုပြောဆိုသည်။

“ထိုင်းနိုင်ငံမှာ အခြေစိုက်နေတဲ့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စကားကို သူနားထောင်ပေးတယ်။ ပြီးတော့ ဘာဖြစ်ချင်သလဲ၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုပြီး သူပြန်မေးတယ်။ အခွင့်အရေးပေးတယ်ပေ့ါနော်။ နောက်ပိုင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ တစုံတရာရှိခဲ့မယ်ဆိုရင် သူ့ကို ဒါရိုက် ဆက်သွယ်လို့ရတဲ့ အကြောင်း ပြောတယ်လေ။”

ထို့အပြင် မြန်မာအစိုးရက နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် မူဝါဒများထုတ်ပြန်ရာ၌ သက်ဆိုင်ရာ နိုင်ငံရှိ အလုပ်သမား ရေး ဆောင်ရွက်နေသည့် NGO အဖွဲ့အစည်းများအား ပါ၀င် ခွင့်ပြုရန်ကိုလည်း တင်ပြတောင်းဆိုခဲ့သည်ဟု ၎င်းကဆက် ပြောသည်။

ယနေ့ တွေ့ဆုံပွဲတွင် ၀န်ကြီး ဦးအောင်ကြည် အပါအဝင် ထိုင်းနိုင်ငံသံရုံး ၀န်ထမ်းများ၊ ထိုင်းရှိ အလုပ်သမားရေး ဆောင်ရွက်နေသည့် NGO အဖွဲ့အစည်းများနှင့် ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးသည့် ကုမ္ပဏီအချို့မှ ပုဂ္ဂိုလ်များ တက်ရောက်သူ စုစုပေါင်း (၁၅) ဦး ခန့် ရှိပြီး အချိန် (၁) နာရီကျော် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားအရေးနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ထိုင်းအစိုးရ အပါအဝင် ထိုင်းနိုင်ငံရှိ NGO အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ၀န်ကြီးက ပြောဆိုခဲ့ကြောင်း သိရသည်။

Most read this week