RCSS/ SSA နှင့် အစိုးရ တိုက်ပွဲပြင်းထန်

RCSS/ SSA နှင့် အစိုးရ တိုက်ပွဲပြင်းထန်
by -
ဇော်ကြီး

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီခေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/ SSA နှင့် အစိုးရတပ်တို့ ယမန်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်၊ မိုင်းပူးအွန် ကျေးရွာအုပ်စုအတွင်း အခြေစိုက်ထားသည့် SSA တပ်ဖွဲ့အား မိုင်းပြင်းမြို့ အခြေစိုက် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၃၆၀) က ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု အမည်မဖော်လိုသည့် ရှေ့တန်း တပ်မှူးတဦးက အခုလို ပြောသည်။

“ကျနော်တို့ တပ်စခန်း ဆောက်ထားတဲ့ နေရာကို ဗမာတွေတက်ထိုးလာတယ်။ ကျနော်တို့ဖက်ကလည်း ပြန်ခုခံတာပေ့ါ။ အဲဒါ တနေကုန်နီးပါး တိုက်ပွဲဖြစ်ကြတယ်။”

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရသေးကြောင်းနှင့် ယနေ့ထပ်မံဖြစ်ပွားမှု ရှိမရှိကိုလည်း စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စမှန်ကန်ကြောင်း RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်မှ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနသို့ အတည်ပြု ပြောဆိုလိုက်ပြီး သမ္မတ ဦးသိန်းစိန်ထံ စာရေးပေးပို့သွားမည်ဟု အခုလို ပြောဆိုသည်။

“သူတို့ကို ကျနော်တို့ ထပ်မေးရလိမ့်မယ်။ သမ္မတဆီ စာတင်ဖို့လည်း ရှိတယ်။ ဒါပေမယ့် သမ္မတက လောလောဆယ် ထိုင်းနိုင်ငံမှာရောက်နေတော့ သူပြန်ရောက်တာနဲ့ တိုက်ပွဲဖြစ်တဲ့ ပြဿနာနဲ့ပတ်သက်ပြီး စာရေးပို့မယ်။ ကျနော်တို့ တဖွဲ့တည်းတင် မဟုတ်ဘူး။ ရှမ်းပြည်မြောက်ပိုင်း အဖွဲ့အပါအဝင် အဖွဲ့အစည်း အားလုံးနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စကို တင်ပြမယ်။”

ထို့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည့်အပေါ် နှစ်ဖက်တပ်သားထုများအပါအဝင် ပြည်သူလူထုတရပ်လုံးက ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်းနှင့် နိုင်ငံတကာမှ အကူအညီပေးနေမှုများကို ထိခိုက်လာနိုင်ကြောင်း ဆက်လက် ပြောဆိုသည်။

“ကျနော်တို့ ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေးဆိုတာက ယုံကြည်မှုမရှိရင် ဘယ်လို ဖြစ်နိုင်မှာလဲ။ ပြည်ထောင်စုစံနစ် တည်ဆောက်ရာမှာ တပ်မတော်က အာဏာအမြင့်ဆုံး ရောက်ဖို့ မဟုတ်ပါဘူး။ အခုလိုသာ ဆက်ဖြစ်နေရင် သူတို့အပေါ်မှာပဲ ပြန်ထိခိုက်မှာပေ့ါ။ ကျနော်တို့ စည်းလုံးညီညွတ်မှု မရှိဘဲ အခုလို တိုက်ပွဲတွေ ခနခနဖြစ်နေရင် နိုင်ငံတကာက ကူညီထောက်ပံ့တဲ့သူတွေလည်း ၀င်လာရဲမှာ မဟုတ်ဖူးလေ။”

အစိုးရနှင့် RCSS/ SSA နှစ်ဖက်ကိုယ်စားလှယ်တို့ ၂၀၁၂ ခုနှစ် မေလ (၁၉) ရက်နေ့ ကျိုင်းတုံမြို့တွင် တွေ့ဆုံခဲ့စဉ်က ဒေသတွင်း သေနတ်သံ မထွက်စေတော့ကြောင်း မြန်မာအစိုးရ၏ တပ်မတော် ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက ကတိပေးခဲ့သည်။

သို့သော် နောက်ပိုင်းတွင် မကြာခနဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးချိန်မှ ယမန်နေ့အထိ တိုက်ပွဲပေါင်း ၂၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most read this week