ဖားကန့်ဒေသတွင် မိုးရွာသွန်းမှုကြောင့် ရေစကြီးလာ

ဖားကန့်ဒေသတွင် မိုးရွာသွန်းမှုကြောင့် ရေစကြီးလာ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်၊ ဆိုင်းတောင်မြို့တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန်လ ၁၂ရက် နံနက်တွင် ဥရုချောင်းရေလျှံကာ မြို့ထဲတွင်ရေကြီးလာပြီး ဒေသခံများ အခက်ကြုံခဲ့ရသည်။

ဆိုင်းတောင်-ဖါးကန့် လမ်းမတွင် စက်လှေဖြင့် ခရီးသွားနေရ။

နေအိမ်များနှင့် ဆိုင်ခန်းများတွင် ရေလျှံလာသောကြောင့် ပစ္စည်းများဆုံးရှုံးမှုရှိပြီး လမ်းတံတားများ ပျက်စီးမှုရှိ ကြောင်း ဒေသခံများပြောသည်။

ရေတက်ချိန်တွင် ဆိုင်းတောင်မြို့ဒေသခံများသည် တောင်ထိပ်များတွင် ထွက်ပြေးတိမ်းရှောင် နေရသည်ပာု သိရသည်။

၄င်းတို့အတွက်အစားအစာများကို ရေမကြီးလွတ်နေရာမှ ဒသခံများသည် ခရစ်ယာန်ဘုရားကျောင်းများတွင် ချက်ပြုတ်ပြီး ထွက်ပြေးနေသောနေရာများသို့ အသီးသီးလိုက်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့တွင်နှစ်စဉ် မိုးရာသီချိန်ရောက်တိုင်း ယခုလို ရေကြီးမှုပြဿနာများသည် ဒေသခံများ ရင်ဆိုင်နေရ ခြင်းကြောင့် ဒေသခံများစိတ်ပူပန်နေကြသည်။

လမ်းတံတားများ ပျက်စီးယိုယွင်းမှုကြောင့် ကျောင်းသူကျောင်းသားများ ကျောင်းသွားလာရေး အခက်အခဲများ ဖြစ်စေကာ အသက်အန္တရာယ်များလည်းကြုံတွေ့ရင်ဆိုင်နေရသည်ဟု ကျောင်းသားမိဘများပြောသည်။

ယခုနှစ်တွင်မူ တိုက်ပွဲများလည်းဖြစ်ပွားနေချိန် ရေကြီးမှုအန္တရာယ်များလည်း ဆက်လက်ရင်ဆိုင်ရမည်ကို ဒေသခံများ ပိုမိုစိုးရိမ်နေကြခြင်းဖြစ်သည်။

ဖားကန့်ဒေသတွင် အစိုးရနှင့်အကျိုးတူကုမ္ပဏီများ ပုဂ္ဂလိက ကုမ္ပဏီများသည် စက်ယန္တရားများနှင့် ဧရာမကျောက်စိမ်းတူးဖော်မှုပြုလုပ်နေရာက ထွက်ရှိလာသည့် မြေစာများအား ဖားကန့်မြို့အနီးတွင်သာ စွန့်ပစ်ထားခြင်းကြောင့် မြေပုံများဖြစ်ကာ နှစ်စဉ် ရေလျှံလာချိန်မြေပြို၍ လူအသေအပျောက်များ ရှိခဲ့သည်။

Most read this week