ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု မရှိဟု ရှမ်းလူထုပြော

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု မရှိဟု ရှမ်းလူထုပြော
by -
သတင်းနှင့်မီဒီယာကွန်ယက်

အစိုးရနှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု မရှိသေးကြောင်း လူမှု အခြေပြု အဖွဲ့အစည်း CBO အဖွဲ့များက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် မကြာခန တိုက်ပွဲများ ဖြစ်ပွားနေသလို အစိုးရတပ်က စစ်အင်အား တိုးမြင့် ချထားမှုများ ဆက်လက် လုပ်ဆောင်နေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေဆဲဟု ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်းမှ ယိင်းဟန်ဖက အခုလိုပြောသည်။

“ပြီးခဲ့တဲ့ ဇွန်လ (၈) ရက်နေ့မှာ သီပေါနယ်မြေထဲမှာ အပြစ်မဲ့တဲ့ ရွာသားတွေ အသတ်ခံ ရတယ်။ နောက်ပြီး တော့ အဲဒီမှာ တပ်စွဲထားတဲ့ စစ်တပ်တွေက အမိန့်ထုတ်ထားတာ ပေ့ါနော်။ ဘယ်စစ်တပ်မဆို ငါတို့နယ်မြေထဲ ကျူးကျော်ဝင်ရာက်လာရင် ပစ်ဖို့ဆိုပြီး ပစ်မိန့်ပေးထားတယ်။”

ထို့အပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-S တပ်ဖွဲ့များ တိုက်ပွဲ (၁၇) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA-N တပ်ဖွဲ့နှင့်လည်း (၁၅) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းအခြေအနေများကြောင့် ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ပြည်တွင်း ပြည်ပရှိ လူထုတရပ် လုံးနှင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွင်း ဦးဆောင်မှုအခန်း ကဏ္ဍမှ ပါ၀င်ခွင့်ရရေး တိုက်တွန်းချက်တစောင် ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပပြုလုပ်ခဲ့သည်။

ထို့အပြင် လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာများ ဖြေရှင်းနိုင်ရန် အစိုးရအပါအဝင် နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လူထုအခြေပြု လူမှုအဖွဲ့ အစည်းများအကြား ညှိနှိုင်း အဖြေရှာသင့်ကြောင်း ဆက်လက် ဖော်ပြထားသည်။

အခမ်းအနား တက်ရောက်ခဲ့သူ ရှမ်းပြည်မြောက်ပိုင်းမှ ကိုယ်စားလှယ် တဦးက အပစ် အခတ် ရပ်ပြီးသော်လည်း နှစ်ဖက်တပ်ဖွဲ့များအား စားရေရိက္ခာကအစ ထောက်ပံ့ပေး နေရသလို SSA တပ်ဖွဲ့များနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံ၍ မရသေးကြောင်း ပြောဆိုခဲ့ပြီး “ငြိမ်းချမ်းရေး ဆိုပေမယ့် စစ်တပ်တွေ တိုးနေရင်၊ တဖွဲ့နဲ့တဖွဲ့ အဆင်သင့်လုပ်ထားရင် တိုက်ပွဲတွေ ပြန်တိုက်မယ့် အခြေအနေမျိုး မြင်ပါတယ်။” ဟု ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ် လူငယ်များအဖွဲ့မှ ကိုယ်စားလှယ် တဦးကလည်း ရှမ်းပြည် မြောက်ပိုင်း ဒေသများတွင် ဗုံးပေါက်ကွဲမှုများ မကြာခန ဖြစ်ပေါ်နေသလို တိုက်ပွဲများလည်း ဖြစ်ပွားနေသည့်အတွက် “ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုမျိုးလဲဆိုပြီး ပြည်သူလူထုက မေးခွန်း ထုတ်စရာတော့ ရှိတာပေ့ါဗျာ။” ဟု ပြောဆိုခဲ့သည်။

လောလောဆယ် ရှမ်းပြည်နယ်အတွင်း အစိုးရစစ်တပ်မှ တပ်ရင်း (၁၈၀)ခန့် ၀င်ရောက် အခြေချထားရာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် ထိခိုက်မှုများရှိနေကြောင်း တိုက်တွန်းချက်က ဆိုသည်။ 

ထို့အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး လုပ်ငန်းများ အပါအဝင် အကြီးစား စက်မှု လုပ်ငန်းများအား လောလောဆယ် ရပ်ဆိုင်း ထားရန် လိုအပ်ကြောင်းနှင့် လူထုဘဝ ကာကွယ်စောင့် ရှောက်နိုင်သည့် စီးပွားရေး ပေါ်လစီများ ချမှတ်နိုင်မှသာ လုပ်ကိုင်သင့်ကြောင်း ဆက်လက် ဖော်ပြသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် တိုက်တွန်းချက်အား ပြည်တွင်းပြည်ပမှ ရှမ်းတိုင်းရင်းသား အရေး ဆောင်ရွက်နေသည့် အဖွဲ့ (၁၆) ဖွဲ့က ထောက်ခံခဲ့ပြီး အစိုးရအပါအဝင် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ဒေသတွင်းရှိ အဖွဲ့အစည်း အသီးသီးထံသို့ ပို့ဆောင်ရန်စီစဉ်ထား ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း စီးပွားရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှင်းလင်းပြတ်သားသည့်မူများ ချမှတ် လုပ်ဆောင် သင့်ကြောင်း ကရင်ရပ်ရွာ လူထုဆုံရပ်အဖွဲ့မှ ယမန်နေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်သည်။

Most read this week