၆ ကျပ်ကုန်ကျမည့် နိုင်ငံသားစီစစ်ရေး ကဒ်ပြားအား တစ်သောင်းထိပေးဆောင်နေရ

၆ ကျပ်ကုန်ကျမည့် နိုင်ငံသားစီစစ်ရေး ကဒ်ပြားအား တစ်သောင်းထိပေးဆောင်နေရ
by -
ကချင်သတင်းဌာန

နိုင်ငံသားစီစစ်ရေးကဒ်ပြား(မှတ်ပုံတင်)  ပြုလုပ်ရန် တရားဝင်ကုန်ကျစရိတ်ကို  ၆ ကျပ် အဖြစ် လူဝင်မှုကြီးကြပ်ရေးဌာန လဝကမှ တရားဝင်သတ်မှတ်ထားသော်လည်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ကျပ် တစ်သောင်း နှုန်းဖြင့်ပေးဆောင်နေရကြောင်း ဒေသခံများပြောသည်။

တရုတ်အမျိုးသားများကို ထုတ်ပေးသော ယာယီ မှတ်ပုံတင်ကဒ်ပြား
နမ့်ခမ်းမြို့ရှိ ဒေသခံများ မှတ်ပုံတင်သွားလုပ်ရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးတွင် ပေးဆောင်ခဲ့ရခြင်းဖြစ်ကြောင်း နမ့်ခမ်းဒေသခံတစ်ဦးပြောသည်။

“မှတ်ပုံတင် သွားရွေးတဲ့သူတွေကို တစ်ယောက် တစ်သောင်း စာအိတ်ထဲမှာထည့်ပေးပါ ဆိုပြီးတောင်းတယ်။  လူတိုင်းလည်း မှတ်ပုံတင်လိုချင်တော့ ပေးခဲ့ရတာပေါ့။” ဟု ၄င်းကပြောသည်။

ထိုသို့တောင်းခံမှုကြောင့် ဒေသခံများ ပြန်လည်မေးမြန်းရာတွင်  တာဝန်ရှိသူများက “ခရိုင်ကိုလည်း နည်းနည်းပါးပါးပေးရတယ်။” ဟု ပြန်ပြောကြောင်း ဆက်ဆိုသည်။

အလားတူ ကချင်ပြည်နယ်မြစ်ကြီး နားမြို့တွင်လည်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနရုံး၏  ခြံစည်းရိုးရှေ့တွင် ဆိုင်းဘုတ်ကြီးဖြင့် “အိမ်ထောင်စု၊ မှတ်ပုံတင်များကို အခမဲ့ အမြန်လုပ်ဆောင်ပေးမည်” ဟု  စာရေးကပ်ထားသော်လည်း အမှန်တွင် ငွေကြေးအား ၄င်းတို့ တောင်းသည့်အတိုင်း အသီးသီးပေးဆောင်နေရခြင်းဖြစ်ကြောင်း မှတ်ပုံတင်ပြုလုပ်သူများက မကျေမနပ်ပြောဆိုလာသည်။

ပြီးခဲ့သည့် လတွင်း မှတ်ပုံတင်သွားလုပ်ခဲ့သော မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးမှလည်း သတ်မှတ်ထားသည့်အတိုင်းမဟုတ်ပဲ ပေးဆောင်ခဲ့ရသည်ကို ယခုလိုပြောပြခဲ့သည်။

“ပုံစံ(form) ယူတဲ့အခါတော့ ၅၀၀ ပေးရတယ်။ ပုံစံဟောင်းထုတ်ပေးတဲ့အခါမှာတော့ ၁၀၀၀ ပေးရတယ်။ မှတ်ပုံတင် သွားယူတော့ ၁၀၀၀၀ ပေးရတယ်။ သူတို့နဲ့ခင်ရင်တော့ ခင်သလိုထင်တယ်။ တစ်ချို့ကိုတော့ ကြည့်ပြီးပေး ထားလိုက်ပါပြောတယ်။ ကျမတို့ကိုတော့ ၁၀၀၀ ပေးပါပြောတယ်။ လူကြီးတွေကို ကန်တော့ရမယ် ပြောတာပဲ။ မှတ်ပုံတင်လည်း ၂ ပတ်ကျော်ကြာမှရတယ်” ဟု ပြောသည်။

မြန်မာအစိုးရသစ်ပြောင်းလဲအုပ်ချုပ်ချိန်မှစ၍ နိုင်ငံသားများ စိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ပြုလုပ်ရာတွင် ကုန်ကျစရိတ်အား ၆ ကျပ်သာ လဝကကို ပေးသွင်းရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ယခုလိုနေရာဒေသအလိုက် စျေးနှုန်းမတူ ပေးဆောင် နေရခြင်းဖြစ်သည်။

Most read this week