ရှမ်းနှင့် ကချင် ယဉ်ကျေးမှုအသင်း ပူးပေါင်း၍ ငြိမ်းချမ်းရေး လှုပ်ရှား

ရှမ်းနှင့် ကချင် ယဉ်ကျေးမှုအသင်း ပူးပေါင်း၍ ငြိမ်းချမ်းရေး လှုပ်ရှား
by -
သတင်းနှင့်မီဒီယာကွန်ယက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ ရှမ်းနှင့် ကချင် တိုင်းရင်းသား ရိုးရာစာပေနှင့် ယဉ်ကျေးမှု အသင်းများ ပူးပေါင်း၍ ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေး လက်မှတ်ထိုး လှုပ်ရှားမှု ပြုလုပ်မည်။

ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ဒေါ့ဖုန်းယန် စသည့် ဒေသတွင်းရှိ တိုင်းရင်းသားများ စုပေါင်း၍ အဖွဲ့ဝင် (၁၇) ဦးပါ၀င်သည့် “ကချင်ပြည်နယ် ထာဝရ ငြိမ်းချမ်းရေး လိုလားသူများအဖွဲ့” ကို ယမန်နေ့ကဖွဲ့စည်းလိုက် သည်။

ယင်းအဖွဲ့မှ ဒေသအလိုက် တအိမ်တက်ဆင်း လူထုဆန္ဒ ကောက်ခံသည့် လှုပ်ရှားမှု ပြုလုပ်သွားမည်ဟု ဗန်းမော်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးဇော်သင်းက အခုလိုပြောသည်။

“ငြိမ်းချမ်းရေး တောင်းဆိုတဲ့ စာပေ့ါဗျာ။ ဒီလို စစ်ဖြစ်နေတဲ့အတွက် ပြည်သူတွေ စားဝတ်နေရေး၊ ကျန်းမာ ရေး၊ ပညာရေး နောက်ကျနေတဲ့အကြောင်း၊ အဲဒီတော့ သင်တို့ရဲ့ ဆန္ဒကို ဖော်ထုတ်ပေးကြပါ။ လက်မှတ်ရေးထိုးပါဆိုတဲ့ စာရွက်တွေ ဖြန့်ဝေမယ်။”

လွန်ခဲ့သည့် မေလကုန်ပိုင်းမှစတင်၍ ဒေသတွင်း ရှမ်း၊ ကချင်နှင့်လီဆူး တိုင်းရင်းသား တက်ကြွလူငယ်များက လက်မှတ်များ စတင်ကောက်ခံနေကြောင်း ဒေသတွင်း သတင်းများကဆိုသည်။ သို့သော် တရားဝင် အဖွဲ့အစည်းအဖြစ် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း သိရသည်။

တရားဝင် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်ရန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ယမန်နေ့က တင်ပြခဲ့ရာ ခရိုင် ဥက္ကဌနှင့် မတွေ့ခဲ့သော်လည်း SB ခေါ် အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့မှတာဝန်ရှိသူ တချို့က “ခင်ဗျားတို့တောင် နောက်ကျ နေပြီတဲ့၊ ဒါအစောကတည်းက လုပ်ရမယ့် ကိစ္စလေ။” ဟု ပြောဆိုခဲ့ကြောင်း  ဦးဇော်သင်းက ဆိုသည်။ 

ကောက်ခံရရှိသည့် လက်မှတ်များအား နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပေးပို့မည်ဟု ၎င်းက ဆက်ပြောသည်။ 

“ကောက်တဲ့အခါမှာ နာမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်၊ လက်မှတ်ဆိုပြီး မူရင်းနှစ်စောင် လုပ်ပြီးမှ တခုကို KIO ဌာနချုပ်ကို ပေးမယ်၊ နောက်တခုကို သမ္မတကြီး ဦးသိန်းစိန်ကို ကျနော်တို့ ပေးမယ်။ ကျန်တာ မိတ္တူဆွဲပြီးမှ ငြိမ်းဖောင်ဒေးရှင်းတို့ NLD ဗဟိုဌာနချုပ်တို့ကို ပေးမယ်။ အဲဒီအဖွဲ့တွေကနေ UN တို့ အာဆီယံ နိုင်ငံတို့ဆီ ပေးပို့မယ့်အထိ အစီအစဉ် ရှိပါတယ်ခင်ဗျ။”

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထောက်ခံသည့် အခြားသော ပါတီ အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များနှင့် ယနေ့ညနေတွင် အစည်းအဝေးပြုလုပ်၍ တာဝန်ထပ်မံ ခွဲယူကြမည်ဟုလည်း ဆိုသည်။

“ဒီနေ့ အစည်းအဝေးမှာ တစညပါလာမယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါမယ်၊ တောင်သူလယ်သမား အစည်းအရုံးကပါမယ်၊ နောက်ပြီးတော့ မွတ်ဆလင် အဖွဲ့အစည်းကလည်း ပါလာလိမ့်မယ်။ ကနေ့ညနေ သုံးနာရီမှာ ကျနော်တို့ အစည်းဝေးလုပ်မယ်။ အဲဒီမှာ သူ့တာဝန်ကျရာ ကိုယ့်တာဝန်ကျရာ အားလုံး တာဝန်ယူပြီး ၀ုိင်းလုပ်ကြမယ်။”

အဖွဲ့ဥက္ကဌအဖြစ် ကချင်အမျိုးသား ဦးလဝမ်က တာဝန်ယူပြီး ဒုဥက္ကဌအဖြစ် ရှမ်းအမျိုးသား ဦးစိုင်းဖုက တာဝန်ယူခဲ့သည်။ ထို့အပြင် အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးများ အဖြစ် ကချင်နှင့်ရှမ်းတိုင်းရင်း သားများ တာဝန်ခွဲယူခဲ့ကြပြီး အဖွဲ့ဝင်များအတွင်း ဒေသခံ အခြား တိုင်းရင်းသားများ ပါ၀င်ကြောင်း သိရသည်။

အစိုးရတပ်နှင့် KIO တို့ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည့် တနှစ်တာ ကာလအတွင်း မြို့ပေါ်ဒေသများ အပါအဝင် တရုတ်မြန်မာ နယ်စပ် တလျောက်နှင့် KIO ဌာနချုပ်သို့ ထွက်ပြေးရောက်ရှိလာသည့် ဒုက္ခသည် ပေါင်း (၇) သောင်းကျော်ရှိသည်ဟု မကြာသေးခင်က ထုတ်ပြန်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) အစီရင်ခံစာက ဆိုသည်။ 

အစိုးရနှင့် KIO တို့ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီး ယမန်နှစ် ဇွန်လ (၉) ရက်နေ့က တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ ထို့အပြင် တနှစ်တာအတွင်း နှစ်ဖက် ကိုယ်စားလှယ်များ အကြိမ်ကြိမ် တွေ့ဆုံပြီး သော်လည်း တစုံတရာ သဘောတူညီချက် မရသေးပါ။

Most read this week