မြန်မာနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်း လုပ်သားများ ရိုက်နက်မှုဖြစ်

မြန်မာနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်း လုပ်သားများ ရိုက်နက်မှုဖြစ်
by -
သတင်းနှင့်မီဒီယာကွန်ယက်

ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခရာခရိုင်အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ပင်လယ်အစားအစာ ထုတ်လုပ်သည့် စက်ရုံတခုတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကမ္ဘောဒီးယား နိုင်ငံသား အလုပ်သမားများက ၀င်ရောက် ရိုက်နက်မှု ဖြစ်ပွားခဲ့သည်။

ဆုံခရာမြို့ရှိ ငါးသေတ္တာ စက်ရုံတွင် ကျန်းမာရေး မကောင်းသူများနှင့် နားရက်ရသည့် အလုပ်သမားများ အိပ်ဆောင်အတွင်း အနားယူနေစဉ် ယနေ့မွန်းလွဲပိုင်းအချိန်က ၀င်ရောက် ရိုက်နက်ခြင်း ဖြစ်သည်ဟု စက်ရုံလုပ်သား ကို၀င်းဖေက အခုလို ပြောသည်။

“တွေ့တဲ့သူကို ရိုက်နက်၊ ဓါးနဲ့ ခုတ်ပြီး အဆောင်ထဲကို ၀င်စီးတာပေ့ါဗျာ။ အဲဒီမှာ  မိန်းခလေးတွေရော၊ လူတွေရဲ့ အော်သံတွေ ကြားတော့ စက်ရုံထဲမှာ အလုပ်လုပ် နေတဲ့သူတွေ ပြေးထွက်လာတော့ ကျနော်တို့ မြန်မာပြည်သား တယောက်ကို ခုတ်ထားတာ ဗိုက်မှာ (၇) လက်မလောက် ပွင့်ထွက်သွားတယ်။”

ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့်က ကမ္ဘောဒီးယား နိုင်ငံသား (၃) ဦးမှ ပုခက်အတွင်း အနားယူနေသည့် မြန်မာ အလုပ်သမား တယောက်အား အရက်မူးပြီး ပုလင်းနှင့် ရိုက်နက်ရာမှ ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ် နောက်ဆက်တွဲ ပြဿနာ ပေါ်ပေါက်မည်စိုး၍ မြန်မာအလုပ် သမားများ ယနေ့နံနက်က အလုပ်မဆင်းပဲ နေခဲ့သည်။ သို့သော် စက်ရုံ တာဝန်ရှိသူများက အာမခံချက် ပေးသည့်အတွက် အလုပ်ပြန်ဆင်းရာမှ ယခုကဲ့သို့ ဖြစ်ပွားခြင်း ဖြစ်သည်ဟု စက်ရုံတွင် ထိုင်းနှင့်မြန်မာ ဘာသာပြန်လုပ်ငန်း လုပ်ကိုင်သူ ကို၀င်းက အခုလို ပြောသည်။

“မနက်က ကျနော်တို့ကိုပြောတာပေ့ါနော်။ အလုပ်ပြန်ဆင်းပါ။ ဘာမှ မဖြစ်ဖူး။ သူတို့ စောင့်ရှောက်ပေးမယ် ကြည့်ပေးမယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ အလုပ်ပြန်ဝင်ကြတော့ နေ့ခင်းပိုင်းမှာ ကျနော်တို့လူတွေကို ၀င်ဆော်တာ။”

လွန်ခဲ့သည့် (၂) နှစ်ခန့်ကလည်း ယခုကဲ့သို့ တကြိမ်ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား အလုပ်သမားများအား စက်ရုံတွင် ဆက်လက် ခန့်ထားပါက မြန်မာ အလုပ်သမားအားလုံး အလုပ်မှထွက်မည်ဟု သိရသည်။

လောလောဆယ် မြန်မာအလုပ်သမားခေါင်းဆောင်များနှင့် စက်ရုံ တာဝန်ရှိသူ တချို့ ညှိနှိုင်းနေပြီး စက်ရုံပိုင်ရှင်အား စောင့်ဆိုင်းနေသည်ဟု အလုပ်သမားများက ပြောဆိုသည်။

ယင်းစက်ရုံတွင် ကမ္ဘောဒီးယား အလုပ်သမား (၈၀၀) ခန့်နှင့်မြန်မာအလုပ်သမား (၂၀၀၀) ခန့် အလုပ်လုပ်ကိုင်ကြပြီး အနီးပတ်ဝန်းကျင်ရှိ စက်ရုံများတွင် ကမ္ဘောဒီးယားက မြန်မာ နိုင်ငံသားထက် ပိုများကြောင်း သိရသည်။

ထို့အပြင် ကမ္ဘောဒီးယာ အလုပ်သမားများထံတွင် တုတ်၊ ဓါးများ အပြင် သေနတ်များ ကိုင်ဆောင်ထားပြီး အခင်းဖြစ်ပွားစဉ် အနီးရှိအခြားစက်ရုံမှ ကမ္ဘောဒီးယား အလုပ်သမား များအား ခေါ်ဆောင်ရိုက်နက်ခဲ့ရာ မြန်မာ အလုပ်သမား ငါးဦးထက်မနည်း ထိခိုက် ဒဏ်ရာရပြီး တဦး ဒဏ်ရာ ပြင်းထန်ကြောင်း အလုပ်သမားများက ပြောသည်။

လောလောဆယ် စက်ရုံဝင်းအတွင်း ထိုင်းရဲနှင့် ဒေသခံစစ်တပ်မှ တပ်ဖွဲ့ဝင် လေးဆယ်ခန့် လုံခြံုရေး ယူထားပေးသော်လည်း ယင်းကိစ္စမျိုး ထပ်မံ ဖြစ်ပွားလာမည်ကို မြန်မာ အလုပ် သမားများက စိုးရိမ်နေကြသည်။

Most read this week