ချီဖွေစစ်ပြေးဒုက္ခသည်များအား စခန်းမှပြောင်းနေရန် ခြိမ်းခြောက်သွေးဆောင်

ချီဖွေစစ်ပြေးဒုက္ခသည်များအား စခန်းမှပြောင်းနေရန် ခြိမ်းခြောက်သွေးဆောင်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးမြို့သို့ ထွက်ပြေးရောက်ရှိလာသော ချီဖွေ စစ်ပြေးဒုက္ခသည်များအား အမျိုးသားလွှတ်တော် ဦးဇခုန်တိန့်ယိန်း၏ လူနှစ်ဦးသည် ယခုခိုလုံလျှက်ရှိသော စခန်းသည်လုံခြံုမှုမရှိဟု ခြိမ်းခြောက်ကာ ၄င်းတို့စီစဉ်ပေးမည့်နေရာတွင် နေထိုင်ရန် သွေးဆောင်ခဲ့သည်ဟု ဒုက္ခသည်များပြောသည်။

zahkung-ting-ying
မြစ်ကြီးနားမြို့ှ တပ်ကုန်းရပ်ကွက်၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင်တိမ်းရှောင်နေကြသော ချီဖွေ စစ်ပြေးဒုက္ခသည်များကို ဦးဇခုန်တိန့်ယိန်း၏ စည်းရုံးရေး အတွင်းရေးမှူး ဦးလှရှင်နှင့် ကချင်ပြည်နယ် အုပ်ချုပ်ရေးရုံး ၀န်ထမ်း ဦးဒေါင်ဟောင်းတို့နှစ်ဦးသည် မေလအတွင်း ၅ ကြိမ်တိုင် လာရောက်ခြိမ်းခြောက် သွေးဆောင်ခဲ့သည် ဟု အသင်းတော်မှ ဆရာတစ်ဦးပြောသည်။

“ဦးလှရှင်က (၃) ကြိမ်လာပြောတယ်။ ဦးဒေါင်ဟောင်းက (၂) ကြိမ်လာပြောတယ်။ သူတို့နှစ်ယောက် က နင်တို့ရောက်နေတဲ့ ဒီနေရာက လုံခြံုရေးမရှိတဲ့ Camp ဖြစ်တယ်။ ဒီနေရာက KIO နဲ့ ပတ်သက်တဲ့ နေရာဖြစ်တယ်။ ဒါကြောင့် အချိန် မရွေးလာပစ်နိုင်တယ်။ နင်တို့ကို ကျနော်တို့ သီးသန့် နေရာချပေးမယ်။ နေထိုင်မယ့်နေရာ စီစဉ်ပေးမယ်။ ကျနော်တို့စီစဉ်တဲ့နေရာမှာ လာနေရမယ်။ ဆိုပြီး သူတို့နှစ်ယောက် လာပြောသွားတယ်။” ဟု ဒုက္ခသည်တစ်ဦး ပြောသည်။

ချီဖွေဒုက္ခသည်များအား ၄င်းတို့မှ မေလအတွင်း ၂၀ မှ ၃၀ရက်ကြား  ခြိမ်းခြောက်သွေးဆောင် ပြောဆိုခြင်း ဖြစ်ကြောင်းလည်း သိရသည်။ သို့သော် ဒုက္ခသည်များသည် ၎င်းတို့အား သီးခြားစီစဉ်ပေးမည်ဆိုသည့်နေရာ တွင် နေထိုင်လိုသည့်ဆန္ဒမရှိကြောင်းနှင့် ယခုရောက်ရှိနေသော ဒုက္ခသည်စခန်း (IDP Camp) တွင်သာ ဆက်လက်နေထိုင်လိုကြောင်း ပြောနေခြင်းဖြစ်သည်။

ချီဖွေမြို့ဒေသခံများသည် ၄င်းတို့ဒေသတွင်စစ်ရေးတင်းမာမှုဖြစ်လာသောကြောင့် ဧပြီ ၂၉ ရက်နေ့မှစ၍ ထွက်ပြေးတိမ်းရှောင်လာကြပြီး တပ်ကုန်းဒုက္ခသည်စခန်းသို့ လူဦးရေ ၆၀ ကျော်ခန့် ခိုလှုံနေကြသည်။

ဦးဇခုန်တိန့်ယိန်းသည် ချီဖွေမြို့နယ်၊ ဆော့လော် မြို့နယ် နှင့် အင်ဂျန့်ယန်မြို့နယ် များမှ အမျိုးသားလွှတ်တော်အမတ်ဖြစ်ပြီး၊ ယခင် NDA-K ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K (New Democratic Army-Kachin) ဥက္ကဌဖြစ်ပြီးနောက် မြန်မာစစ်အစိုးရ နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့သော အဖွဲ့ခေါင်းဆောင်လည်းဖြစ်သည်။

လက်ရှိချီဖွေမြို့သည် ဦးဇခုန်တိန့်ယိန်းအသွင်ပြောင်းအဖွဲ့ နယ်ခြားစောင့်တပ် ထိန်းချုပ်သောဒေသဖြစ်သည်။

တဖက်တွင်လည်း အစိုးရမှ ကချင်ပြည်နယ်ဒုက္ခသည်စခန်းများတွင် ထွက်ပြေးတိမ်းရှောင်နေကြသောသူများ နှင့် ဒေသခံများအား  မသင်္ကာသူဒေသခံများကို မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးမှုသည် နေ့စဉ်ဖြစ်ပွားနေသောကြောင့် ကချင်ပြည်သူလူထုများအတွက် လုံုုုခြုံမှုမရှိဟုကချင်ပြည်နယ် လွှတ်တော်များပြောဆိုနေချိန်လည်းဖြစ်သည်။

ဧပြီလ ၂၇ ရက်မှစ၍ ချီဖွေမြို့အနီးတဝိုက်တွင် မြန်မာအစိုးရစစ်တပ် နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ၎င်းဒေသတွင် နေထိုင်သူများသည် ၀ိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ထွက်ပြေးတိမ်းရှောင်နေဆဲလည်းဖြစ်သည်။

Most read this week