KIO နှင့် တွေ့ရန် ဦးအောင်မင်းအဖွဲ့ ထွက်ခွာ

KIO နှင့် တွေ့ရန် ဦးအောင်မင်းအဖွဲ့ ထွက်ခွာ
by -
ကချင်သတင်းဌာန

ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေး ဆွေးနွေးနိုင်ရန် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ ကချင်ပြည်နယ်သို့ ထွက်ခွာသွားကြောင်းဒေသခံ များက ပြောသည်။

ယနေ့ နံနက်က ကချင်ပြည်နယ် ဗန်းမော်မြို့မှ ထွက်ခွာခဲ့ပြီး ဦးအောင်မင်း လိုက်ပါလာသည့် ကား (၆) စီး ယနေ့ ညနေ (၄) နာရီ အချိန်ခန့်က တရုတ်မြန်မာနယ်စပ် မြန်မာနိုင်ငံ ဖက်ခြမ်းရှိ မိုင်ဂျာယန်မြို့သို့ ရောက်ရှိလာကြောင်း မြို့ခံများက ပြောသည်။

ဇွန်လ (၁) ရက် နေ့တွင် အဆိုပါမြို့၌ ဆွေးနွေးရန်ရှိပြီး KIO ဖက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သည့် အဖွဲ့မှ ယမန်နေ့ကတည်းက ကြိုတင်ရောက်ရှိ နေသည်ဟု မြို့ခံတဦးက အခုလိုပြောသည်။

“KIO က မနေ့ကတည်းက ရောက်တယ်။ အကုန်လုံးစီစဉ်ပြီးတော့ စောင့်နေကြတာလေ။ လုံခြံုရေးတွေ လည်း ပါလာတယ်။ အစိုးရတပ်ဖက်တွေတော့ မတွေ့ဘူး။ KIA ရဲဘော် တွေပဲ တွေ့တယ်။ မနက်ဖြန်မှာ ဆွေးနွေးမယ်လို့ သိရတယ်။ ဒီမိုင်ဂျာယန်မှာပဲလို့ ပြောတာပဲ။”

လွန်ခဲ့သည့် ဧပြီလက မြစ်ကြီးနားမြို့ (သို့မဟုတ်) ဗန်းမော်မြို့နယ်အတွင်း တွေ့ဆုံကြရန် အစိုးရဖက်မှ ကမ်းလှမ်းခဲ့ရာ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လွယ်ဂျယ် မြို့နယ် အတွင်းရှိ ပရန်ငေါန် ကျေးရွာတွင်တွေ့ဆုံရန် KIO ဖက်မှ အကြောင်း ပြန်ခဲ့သည်။

သို့သော် ၀န်ကြီး ဦးအောင်မင်းနှင့် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ ယခုလ (၂၁) ရက်နေ့က ထိုင်းမြန်မာနယ်စပ် တနေရာတွင် အလွတ်သဘောတွေ့ဆုံခဲ့ပြီး နှစ်ဖက် ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံကြရန် သဘောတူခဲ့ကြသည်။

ထိုစဉ်က ဦးအောင်မင်းနှင့် မိတ်ဆက်အဆင့် တွေ့ဆုံမှုသာဖြစ်ပြီး ထပ်မံတွေ့ဆုံပွဲ၌ အစိုးရဖက်မှတပ်ဖက် ဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်သူများ ပါ၀င်လာမည့်အပေါ် အကောင်းဖက်သို့ ဦးတည်သွားနိုင်မည်ဟု မျော်လင့်ကြောင်း KIO အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ပြောဆိုခဲ့ဘူးသည်။

ယခု အကြိမ်တွေ့ဆုံရေးနှင့် ပတ်သက်၍ KIO က စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ယင်းကိစ္စ KIO ပြောခွင့်ရ ပုဂ္ဂိုလ်များထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

လောလောဆယ်တွင် ဌာနချုပ် လိုင်ဇာမြို့အနီး တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း အစိုးရတပ်မှ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်နေပြီး တပ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။  

KIO နှင့် အစိုးရတို့ (၁၇) နှစ်ကျော် အပစ်အခတ်ရပ်စဲခဲ့ပြီး ယမန်နှစ် ဇွန်လ (၉) ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ တနှစ်နီးပါး ကြာမြင့်ခဲ့သည့် တိုက်ပွဲ ကာလအတွင်း နှစ်ဖက် ကိုယ်စားလှယ်များ အကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း ပြေလည်မှု မရသေးပေ။

တိုက်ပွဲများကြောင့် မြစ်ကြီးနား၊ ၀ုိင်းမော်နှင့် ဗန်းမော် မြို့နယ်များ အပါအဝင် တရုတ် မြန်မာ နယ်စပ် ဒေသများသို့ ထွက်ပြေးပုန်းရှောင် လာသည့် စစ်ဘေး ဒုက္ခသည် (၆) သောင်းကျော် ရှိပြီး လောလောဆယ် ကျန်းမာရေးနှင့် စားဝတ်နေရေး အခက်အခဲများ ကြံုတွေ့နေရကြောင်း သိရသည်။

Most read this week