ဦးအောင်မင်းနှင့် KIO ထိပ်တန်းခေါင်းဆောင် တွေ့ဆုံ

ဦးအောင်မင်းနှင့် KIO ထိပ်တန်းခေါင်းဆောင် တွေ့ဆုံ
by -
သတင်းနှင့်မီဒီယာကွန်ယက်

အသစ်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ထိပ်တန်း ခေါင်းဆောင် တချို့ ယနေ့နံနက်က အလွတ်သဘော တွေ့ဆုံခဲ့သည်။

ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့မှ ပုဂ္ဂိုလ်များနှင့် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ ထိုင်းမြန်မာ နယ်စပ်တနေရာ တွင် တွေ့ဆုံခဲ့ကြောင်း KIO အဖွဲ့ အထွေထွေ အတွင်းရေမှူး ဒေါက်တာ လဂျာက အခုလို ပြောသည်။

“ကျနော်နဲ့ ဒု-စစ်ဦးစီးချုပ်နဲ့ သွားကြတာ။ အလွတ်သဘောပါ။ ကျနော်တို့နဲ့လည်း တခါမှ မဆုံခဲ့ ဖူးဘူးဆိုတော့ မိတ်ဆက်ရင်းနဲ့ သွားကြတာပါ။ တကယ်ဆွေးနွေးမှုက ဒီမှာ မလုပ်ဖူး လို့ အဲဒါကိုလည်း အသိပေးရင်းနဲ့ ကျနော်တို့ ဟိုမှာ ဖွဲ့စည်းထားတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ တကယ် တရားဝင် ဆွေးနွေးမှုကိုလည်း လုပ်ကြမယ်ဆိုတဲ့ အကြောင်းကို သူ့ကို အသိပေးရင်းနဲ့ တွေ့တာပါ။”

ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးအတွက် ညှိနှိုင်း နိုင်ရန် ကြိုတင်တွေ့ဆုံမှုဖြစ်သော်လည်း ထပ်မံ တွေ့ဆုံမည့် နေ့ရက်နှင့် အချိန် မသတ်မှတ်ရ သေးကြောင်း ဆက်လက် ပြောဆိုသည်။

“သူလည်း ကျိုင်းတုံမှာ RCSS အဖွဲ့တွေနဲ့ တွေ့ပြီးတော့ အကြိုအနေနဲ့ တွေ့ချင်တယ် ပြောလာလို့ ကျနော်တို့ သွားတွေ့တာပါ။ နေရာတို့ နေ့ရက်တို့ ဘာမှ မသတ်မှတ်ရ သေးဘူး။ ဦးအောင်မင်းတို့ အဖွဲ့နဲ့ ဗဟိုက ကျနော်တို့ ငြိမ်းချမ်းရေး အဖွဲ့တွေ၊ အကျိုးဆောင် အဖွဲ့တွေ ရှိတယ်။ သူတို့နဲ့ ကြားမှာညှိပြီးတော့ သတ်မှတ်ကြမယ်။”

၀န်ကြီး ဦးအောင်မင်းက KIO ဌာနချုပ်အား တိုက်ခိုက်သိမ်းပိုက်ခြင်း မပြုပါဟု လွန်ခဲ့သည့် ဧပြီလ (၂၉) ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း ဌာနချုပ် လိုင်ဇာမြို့ အနီးတဝိုက် အပါအဝင် ဒေသတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည်။

ထို့အပြင် အစိုးရနှင့် KIO နှစ်ဖက် ကိုယ်စားလှယ်တို့ ကချင်ပြည် ငြိမ်းချမ်းရေးအတွက် (၆) ကြိမ်ထက်မနည်း တွေ့ဆုံပြီးသော်လည်း ယနေ့ထိ ပြေလည်မှု မရသေးပေ။

သို့သော် လာမည့် တွေ့ဆုံမှုသည် အထူးသဖြင့် အစိုးရဖက်မှ အဓိကကျသည့် တပ်ပိုင်း ဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်သူများ ပါ၀င်လာမည့်အတွက် ယခင်တွေ့ဆုံမှုထက် ပိုမို ကောင်းမွန်လာလိမ့်မည်ဟု မျော်လင့်ကြောင်း “ဒီတခေါက်ကတော့ တပ်ပိုင်းက တကယ် အမိန့်ပေးနိုင်တဲ့ ညွှန်ကြားမှု ပေးနိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ဒု-တပ်ချုပ် ကိုယ်တိုင် ပါလာတယ်ဆိုတော့ ပိုပြီးမှတော့ မျော်လင့်ချက် ထားတာပေ့ါ။” ဒေါက်တာ လဂျာက ပြောသည်။

KIO သည် အစိုးရနှင့် (၁၇) နှစ်ကျော် အပစ်အခတ်ရပ်စဲခဲ့ရာမှ လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က စတင်၍ နှစ်ဖက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ရာ အချိန် (၁) နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ၀ုိင်းမော်နှင့် ဗန်းမာ် ဒေသများ အပါအဝင် တရုတ်မြန်မာနယ်စပ်သို့ ထွက်ပြေးနေသည့် စစ်ဘေး ဒုက္ခသည် (၆) သောင်းကျော် ရှိပြီဟု ကူညီပေးသူများက ပြောဆိုသည်

Most read this week