KIO ဌာနချုပ်အနီး တိုက်ပွဲ ပြင်းထန်နေ

KIO ဌာနချုပ်အနီး တိုက်ပွဲ ပြင်းထန်နေ
by -
သတင်းနှင့်မီဒီယာကွန်ယက်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့နှင့် အနီးဆုံး စခန်းဖြစ်သည့် လဂျားယန် တပ်စခန်းတွင် ယနေ့နံနက်ပိုင်းကစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

nmg.kachin1

အစိုးရတပ်က ယနေ့နံနက် (၈) နာရီခွဲ အချိန်ခန့်မှ စတင်၍ မွန်းလွဲပိုင်း အချိန်ခန့်ထိ လက်နက်ကြီး များဖြင့် ပစ်ခတ်နေပြီး စစ်ကြောင်း နှစ်ကြောင်း ဖြန့်၍ တိုက်ခိုက်နေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF (NB) တပ်မှူး တဦးက အခုလိုပြောသည်။

“နားလုံဖက်ကနေ တကြောင်း တက်လာတယ်။ လဂျားယန် အထက်ဖက် ကုန်းပေါ်ကနေ တဖွဲ့ဆင်းလာ တယ်။ အဲဒီဖက်က ဆင်းလာတဲ့ အဖွဲ့တွေနဲ့ ကျနော်တို့ အဖွဲ့တွေနဲ့ ချနေ ကြတယ်။ KIA လည်း ပါတာပေ့ါ။ နောက်ပြီး အောက်က ရိက္ခာလာပို့တဲ့ အဖွဲ့တွေနဲ့လည်း ဆော်နေတယ်။ ပစ်လိုက် နားလိုက် ထိုးလိုက်တက်လိုက်နဲ့ လုပ်နေတာ။”

ယင်းစခန်းသည် KIO နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲစဉ်က အစိုးရတပ်များ အပါအဝင် ထောက်လှမ်းရေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ အခြေစိုက် စခန်းဖြစ်သည်။ ထို့အပြင် တရုတ်မြန်မာ ကုန်သွယ်ရေး အတွက် အရေးပါသည့် နယ်စပ်ဂိတ် တခုဖြစ်၍ လိုင်ဇာမြို့မှ ကားဖြင့် (၁၅) မိနစ်ခရီးသာ မောင်းနင်ရသည်။

လွန်ခဲ့သည့် ဧပြီလ (၂၇) ရက်နေ့က လဂျားယန် တပ်စခန်းမှ အစိုးရတပ်များ ဆုတ်ခွာ သွားခဲ့ရာ KIA နှင့် မဟာမိတ် ABSDF တပ်ဖွဲ့များ ၀င်ရောက်နေရာယူခဲ့သည်။ သို့သော် ယင်းတပ်စခန်း၏ အမြင့်ပိုင်း တောင်ကုန်းပေါ်တွင် အစိုးရတပ်ဖွဲ့တဖွဲ့ ကျန်ရှိခဲ့ရာ မဟာမိတ်တပ်ဖွဲ့များက ၀ုိင်းရံ ပိတ်ဆို့ထားခဲ့သည်။

အစိုးရတပ်က တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လဂျားယန်ကို ကျော်လွန်၍ လိုင်ဇာမြို့ ပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲ ခဲ့သည်။ သို့သော် မြို့နှင့် အတန်ငယ်ဝေးသေးသည်ဟု ABSDF တပ်မှူးက ပြောသည်။

အလားတူ ဒေါ့ဖုန်းယန်မြို့ အခြေစိုက် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၁၄၂) တပ်ရင်းမှ လက်နက်ကြီး များဖြင့် ယနေ့နံနက်မှစ၍ တနေကုန် ပစ်ခတ်နေပြီး လဂျားယန် တပ်စခန်း ဘက်တွင်ကျရောက်ပေါက် ကွဲသံများ ကြားရကြောင်း ဒေါ့ဖုန်းယန် မြို့ခံ တဦးက အခုလို ပြောသည်။

“ဒေါ့ဖုန်းယန်တပ်ရင်းက ဒီမနက် (၁၀) နာရီ လောက်ကနေ စပစ်နေတာ။ ဘယ်နှစ်လုံး လောက် ရှိမလဲတော့ မသိဘူး ပစ်နေတာ (၃) နာရီ လောက်ကြာသွားပြီ။ တနေကုန်ပဲ ပစ်နေတာ။ ပထမတော့ ခပ်စိပ်စိပ်ပဲ အခု နောက်ပိုင်းတော့ နည်းနည်း ကျဲလာတယ်။”

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်းက KIO ဌာနချုပ်အား တိုက်ခိုက်သိမ်းပိုက်ခြင်း မပြုပါဟု လွန်ခဲ့သည့် ဧပြီလ (၂၉) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လက်နက်ကိုင် တိုင်းရင်းသားများ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အစိုးရတပ်မှ KIO အား ထိုးစစ်ဆင်မှုများ တလအတွင်း ရပ်တန့်ပေးရန် ယခုလ (၁၀) ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

အကယ်၍ ရပ်တန့်မှု မရှိပါက အစိုးရနှင့် ပဏာမ အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ထားသည့် UNFC တပ်ဖွဲ့ဝင်များ၏ ရှေ့လုပ်ငန်းစဉ်များအား ပြန်လည် သုံးသပ်သွားမည် ဟုလည်း ဆိုသည်။

ယင်းကိစ္စအပေါ် UNFCအဖွဲ့ အလုပ်အမှုဆောင် ကော်မတီလည်းဖြစ် KIO အဖွဲ့၏ အတွင်းရေးမှူးလည်း ဖြစ်သည့် ဒေါက်တာလဂျာက UNFC က သတ်မှတ်ထားသည့် အချိန်တလ အတွင်း ဌာနချုပ်အနီး  တိုက်ပွဲများ ပြင်းထန် လာသည့်အပေါ် တစုံတရာ မှတ်ချက်မပေး လိုသော်လည်း “ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် UNFC အဖွဲ့ဝင်တွေကတော့ တခုခုတော့ ဆုံးဖြတ်ရလိမ့်မယ်။ အဲလိုတော့ မြင်တယ်လေ။” ဟု ပြောဆိုသည်။

ထို့အပြင် အစိုးရနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့စဉ်က ကချင်ပြည်နယ်အတွင်း ပစ်ခတ် တိုက်ခိုက်မှုများ အရှိန်လျော့ရန်နှင့် ငြိမ်းချမ်းစွာ အဖြေရှာ ကြရန် နှစ်ဖက် သဘောတူ ကြေညာချက် ထုတ်ပြန်ပြီးသော်လည်း လက်တွေ့တွင် လျော့ကျမသွားပဲ တိုက်ခိုက်မှုများ ပိုတိုးလာသည်ဟုလည်း ဆိုသည်။

ယင်းအပေါ် “တဖက်က ငြိမ်းချမ်းရေးလုပ်ရအောင်လို့ ပြောပြီး တဖက်က စစ်ရေးနဲ့ တအားကို ထိုးစစ်ဆင် ချေမှုန်းရေးတွေ လုပ်နေတော့ အပြောကတမျိုး လုပ်ရပ်က တမျိုး ဖြစ်သလိုတော့ မြင်တယ်။”  ဟု ဒေါက်တာလဂျာက ဆက်လက် ပြောဆိုသည်။

UNFC တပ်ဖွဲ့တွင် KIO အပါအဝင် လက်နက်ကိုင် တိုင်းရင်းသား (၁၁) ဖွဲ့ပါ၀င်ပြီး ယင်းတို့အနက် ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေး ပါတီ SSA/ SSPPနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့က အစိုးရနှင့် ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်သည်။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲအတွင်း KIA ရဲဘော်တဦး ထိခိုက်ဒဏ်ရာရ၍ အသေ အပျောက် မရှိဟု သိရပြီး အစိုးရဖက်မှ ထိခိုက်ကျဆုံးမှု များနိုင်ကြောင်း ရှေ့တန်း တပ်မှူးများက ပြောသည်။ သို့သော် ယင်းကိစ္စ အတည်ပြု၍ မရသေးပါ။ 

နောက်ဆုံး အခြေအနေအရ လဂျားယန် တောင်ကုန်းပေါ်တွင် အဝိုင်းခံထားရသည့် အစိုးရတပ်ဖွဲ့အား စစ်ကူလာရောက်ရာမှ ယခုလို တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်သည်ဟု ရှေ့တန်းရှိ KIO နှင့် ABSDF တပ်မှူးများက သုံးသပ်သည်။

Most read this week