KIA က ရှေ့တန်း စခန်းကုန်းတခု ဆုတ်ခွာ၊ တိုက်ပွဲ ဆက်လက် ပြင်းထန်

KIA က ရှေ့တန်း စခန်းကုန်းတခု ဆုတ်ခွာ၊ တိုက်ပွဲ ဆက်လက် ပြင်းထန်
by -
သတင်းနှင့်မီဒီယာကွန်ယက်

ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး KIA ၏ ရှေ့တန်းတပ်စခန်းတခု  ဆုတ်ခွာလိုက်ရသည်။

ဒေါ့ဖုန်းယန်မြို့ အရှေ့ဖက်တောင်ကြောပေါ်ရှိ ပန်စွန်တပ်စခန်းအား အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယမန်နေ့နံနက်က ဆုတ်ခွာပေးလိုက်သည်ဟု  KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။

“မနေ့က သူတို့လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ၁၂၀ တို့၊ ၈၁ မမတို့၊ RPG ပုခုံထမ်း လောင်ခြာတွေနဲ့ ပစ်ခတ်တာများလာလို့ မနေ့က တိုက်ပွဲ တော်တော် ပြင်းထန်သွားတယ်။ အဲဒါ ကျနော်တို့ ပြန်ဆုတ်ပေးလိုက်တယ်။ ဒီနေ့လည်း အဲဒီ ဘေးနားမှာ ရှိတဲ့ တောင်ကုန်းတွေ၊ စခန်းတွေကို ၀င်စီးဖို့ လုပ်နေကြတယ်။”

ယမန်နေ့တိုက်ပွဲတွင် KIA ဖက်မှ (၂) ဦး ဒဏ်ရာရခဲ့ပြီး အစိုးရတပ်မှ ထိခိုက်ဒဏ်ရာရသူ ဦးရေ မသိသော်လည်း (၂) ဦးကျဆုံးသည်ဟု သိရကြောင်း ဆက်လက် ပြောဆိုသည်။

လွန်ခဲ့သည့် ဧပြီလက ယခု ဆုတ်ခွာလိုက်သည့် ပန်စွန်တပ်စခန်းအား အစိုးရတပ်မှ ပထမအကြိမ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး နောက်တနေ့တွင် ပြန်လည် ထွက်ခွာသွားရာ KIA မှ နေရာပြန်ယူထား ခဲ့သည်။ ယခုတဖန် အစိုးရတပ်က ထပ်မံ တိုက်ခိုက် သိမ်းပိုက် လိုက်ခြင်း ဖြစ်သည်။

ဒေါ့ဖုန်းယန်မြို့တွင် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၁၄၂) အခြေချထားပြီး ပန်စွန် စခန်းသည် မြို့နှင့် တပ်၏ အပေါ်စီးနေရာတွင် ရောက်နေသဖြင့် စစ်ရေးအရ စိုးရိမ်သည့်အတွက် ပြန်လည် သိမ်းပိုက်ခြင်း ဖြစ်နိုင်ကြောင်း ဦးလနန်က သုံးသပ်သည်။

တချိန်တည်းတွင် လိုင်ဇာမြို့ အရှေ့ဖက်ရှိ KIO ဌာနချုပ်ဟောင်း တည်ရှိရာ ပါဂျောင်ဒေသ တဝိုက်တွင် အစိုးရတပ်ရင်း (၃) ရင်း အင်အား ဖြည့်တင်းထားပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဦးလနန်က အခုလို ပြောသည်။

“ပါဂျောင်မှာ အရင်တုန်းက ဗန္ဒုလကုန်းလို့ခေါ်တဲ့ နေရာနဲ့ အင်ဂါရှန် ကြားမှာ တိုက်ပွဲ ဖြစ်တာ (၃) ရက်လောက် ရှိသွားပြီ။ အရင်ကတော့ သူတို့တပ်စောင့် (၂၀) လောက်ပဲ ရှိတဲ့နေရာ။ အခုက အဲဒီမှာ ရာနဲ့ချီပြီး လှုပ်ရှားနေတော့ တိုက်ပွဲက ခနခန ဖြစ်နေတာပေ့ါဗျာ။ မနေ့ကတော့ သူတို့ဖက်က အထိအခိုက် တော်တော် များတယ်။ (၈) ယောက်လောက် အဲဒီမှာ ကျသွားတယ်။”

ပါဂျောင်ဒေသသည် ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက် အပစ်အခတ် မရပ်စဲမီအချိန်က KIO ဌာနချုပ်ဖြစ်ပြီး နောက်ပိုင်းတွင် လိုင်ဇာမြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။ သို့သော် ယနေ့ချိန်ထိ KIO ဌာနချုပ်အဖြစ် ဆက်လက် ရပ်တည်ထားဆဲဖြစ်သည်။

လောလောဆယ် ဗန်းမော်ဖက်မှ တက်လာသည့် အင်အား (၆၀၀) ခန့်ရှိ တပ်မတခုနှင့် မိုးကောင်းမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၃) လက်အောက်ခံ တပ်များ ယခုရက်ပိုင်းအတွင်း ထပ်မံ အင်အား ဖြည့်တင်းလာကြောင်း သိရပြီး ယင်းတပ်များ ပါဂျောင်ဒေသသို့ ပို့ဆောင်လာပါက ပါဂျောင် ဌာနချုပ်အား ထိုးစစ်ဆင်လာ နိုင်ကြောင်း ဦးလနန်က သုံးသပ်သည်။

သို့သော် သမ္မတ ဦးသိန်းစိန်က KIO ဌာနချုပ်အား ထိုးစစ်ဆင်ခြင်း မပြုပါဟု ပြောထား သည့်အပေါ် ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ဧပြီလ (၂၉) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ထောက်ခံ ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် အခြေအနေပေါ် မူတည်၍ ယင်းကိစ္စ အပေါ် သံသယ ဖြစ်မိကြောင်းနှင့် KIO အား အမြစ်ပြတ် ချေမှုန်းတော့မည်ဟုု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ယမန်နေ့ ပန်ဝါတွင်ပြုလုပ်သည့် လူထုအစည်းအဝေးတွင် ပြောခဲ့သည်ဟု သိရကြောင်း ဦးလနန်က အခုလို ပြောသည်။

“KIA ရဲ့ လုပ်ရပ်ကြောင့် ခင်ဗျားတို့ ဒေသခံလူထုတွေ နစ်နာနေရပြီ။ ဒါကြောင့်မို့ ဒီကိစ္စ အပေါ် ခင်ဗျားတို့ ၀ုိင်းပြီး တွန်းလှန်ရမယ်ဆိုတဲ့ဟာမျိုး၊ နောက်တခုက KIO ဆိုတာ ကချင် လူထုကို ကိုယ်စား မပြုပါဘူးဆိုတဲ့ဟာမျိုးတွေနဲ့ ကျနော်တို့ဖက်မှာတော့ ညအချိန်မှာ တိုက်လို့ရတဲ့ လေယာဉ်တွေ အများကြီး ရှိတယ်။ အဲဒါတွေ သုံးပြီးမှ KIO ကို အမြစ်ပြတ် ခြေမှုန်းတော့မယ်ဆိုပြီး စည်းရုံးရေး ဟောပြောပွဲ လုပ်သွားတယ်ခင်ဗျ။”

KIO နှင့် အစိုးရတို့ (၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ရာမှ တိုက်ပွဲပြန်လည်ဖြစ်ပွားမှု ယနေ့ (၁၁) လ ပြည့်ခဲ့ပြီး ဒုက္ခသည် ခြောက်သောင်းကျော် မြို့ပေါ်နှင့် တရုတ်မြန်မာ နယ်စပ်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နှစ်ဖက်ကိုယ်စားလှယ် အကြား တရုတ်နိုင်ငံ ရွှေလီမြို့တွင် (၃) ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယနေ့ထိ ပြေလည်မှု မရသေးပါ။

Most read this week