မြန်မာအစိုးရက KBC အသင်းတော်ကို စတင်တိုက်ခိုက်

မြန်မာအစိုးရက KBC အသင်းတော်ကို စတင်တိုက်ခိုက်
by -
ကချင်သတင်းဌာန

သမ္မတဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသည် အကြီးဆုံး ကချင်ခရစ်ယာန်အသင်းတော် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) ကို စတင် ရန်ပြု တိုက်ခိုက်လိုက် ပြီဖြစ်သည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း KBC အဖွဲ့ချုပ်အောက် ချီဖွေဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ အလုပ်အမှုဆောင်ကော်မတီ (E.C) အစည်းဝေးကို ချီဖွေမြို့ရှိ ဘုရားကျောင်းဝင်းတွင် ပြုလုပ်နေစဉ် မြန်မာစစ်တပ်မှ လက်နက်ငယ် ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ချီဖွေစခန်းမှ အစိုးရစစ်သားများ၏ ဘုရားကျောင်းသို့ ပစ်ခတ်မှုကြောင့် ချန်မောကုန်းအသင်းတော်မှ တရားဟောဆရာ ဒိန်ကျန်း (Ding Chyang)၏ ညာခြေဒူးတွင် ကျည်ဆံထိမှန်ခဲ့သည်။

၎င်းပစ်ခတ်မှုကို ဧပြီ ၂၈ ရက် နံနက် ၈ နာရီခွဲ အစည်းအဝေး အဆုံးသတ်ဆုတောင်းနေချိန် ပြုလုပ်ခြင်းဖြစ် သည်ဟု ဆရာဒိန်ကျန်းက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကျွန်နော့်ခြေထောက် ညာဘက် ဒူးမှာထိတယ်။ အခုလမ်းရှောက်လို့ မရဘူး။ ဇုံနယ်အသင်းတော် ဥက္ကဌ ဆရာယိန်းခေါ ကိုတော့ သူ့ခေါင်းဆံပင်မှာ ကျည်ဆံရှပ်ထိလို့ ဆံပင်အချို့ ပြတ်သွားတယ်။” ဟု ဒဏ်ရာရရှိသော ဆရာကပြောသည်။

အသင်းတော် E.C. အစည်းအဝေးကို ဧပြီ ၂၆-၂၇ နှစ်ရက်ပြုလုပ်ခြင်းဖြစ်သည်။ အစည်းဝေး စတင်သည့်နေ့မှ စပြီး မြန်မာစစ်သားများ၏ ခြောက်လန့်ပစ်ခတ်ခြင်းခံနေရသည်ဟု အစည်းအဝေးတွင်ပါ၀င်သော အသင်း တော် ဆရာတစ်ဦးက ပြောသည်။

“သူတို့ပစ်နေတာက ရှေ့ရက်(ဧပြီ ၂၇)ကနေပစ်နေပြီ။  ဒါပေမယ့် မထိဘူး။ အစကတော့ ကျွန်နော်တို့ကို ပစ်တာ မထင်ဘူးလေ။ သူတို့ပစ်လိုက်တဲ့ ကျည်ဆံ အချို့က ကျွန်နော်တို့နေတဲ့ ဘော်ဒါဆောင် သွပ်ပေါ် တွေမှာ သွားကျတယ်။ နောက်မနက် ကျွန်နော်တို့ ဆုတောင်းနေတဲ့အချိန် ပြန်ပစ်တယ်။ အဲဒီတော့မှ သူတို့ တမင်ချိန်ရွယ် ပစ်တယ်ဆိုတာ သိသွားတယ်လေ။” ဟု သူကဆက်ပြောသည်။

အစည်းဝေးပြုလုပ်သည့် ချီဖွေ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းသည် အင်မိုင်ခမြစ် (မေခမြစ်)နှင့် ချီဖွေချောင်းဆုံ အနီးတွင် တည်ရှိသည်။

ပစ်ခတ်သော စစ်သားများသည် ချီဖွေမြို့မှ အရှေ့ဘက် တောင်ကုန်းတွင် အခြေစိုက်ထားသော တပ်ဖွဲ့များ ဖြစ်သည်ဟု အသင်းတော်ဆရာများဆိုသည်။

၎င်းလုပ်ရပ်အား အစိုးရစစ်သားများက “လူများ စုစည်းနေသောကြောင့် ပစ်ခတ်ခြင်း” ဖြစ်သည်ဟု အကြောင်း ပြချက်ပေးနေကြောင်း ဆရာတစ်ဦးကပြောသည်။

ယခုလိုပစ်ခတ်မှုသည် ချီဖွေ အနီးတဝိုက်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ကြောင်းများရောက် လာချိန်နှင့်တိုက်ဆိုင်သည်ဟု ဒေသခံများပြောသည်။

ဧပြီ ၂၉ ရက်တွင်လည်း မြန်မာစစ်သားများ ချီဖွေသို့ မော်တာများ ချိန်ရွယ်ပစ်ခတ်ခဲ့ရာ ၆ နေရာတွင်ကျ ရောက်ပေါက်ကွဲပြီး အရပ်သားနေအိမ် ၂ လုံး ပျက်စီးသွားသည်ဟု ဒေသခံများပြောသည်။

ယခုလို လူနေ ရပ်ကွက်များသို့ မော်တာပစ်ခတ်ခြင်းကြောင့် ဒေသခံအချို့သည် ၀ိုင်းမော်မြို့သို့ ထွက်ပြေး သိမ်းရှောင်နေသည်ဟု ဒေသခံများပြောသည်။

KBC အသင်းတော်များသည် ၂၀၁၂ ဇွန် ၉ ရက် (မြန်မာအစိုးရမှ KIO ကိုစတင် တိုက်ခိုက်ခြင်း) မတိုင်ခင် “ကချင်ပြည်နယ်နှင့် မြန်မာပြည်တခုလုံး ငြိမ်းချမ်းရန်အတွက်” ဆုတောင်း ခဲ့ကြသည်။ သို့သော် စစ်ဖြစ်လာပြီး နောက် “ကချင်အမျိုးသားများ ထာဝရဘုရားသခင်ပေးသော ကိုယ်ပိုင် အချုပ်အခြာအာဏာ ရရှိရေးအတွက်” ပြောင်းလဲ ဆုတောင်းလာသည်။

မြန်မာနိုင်ငံတဝန်း KBC အဖွဲ့ချုပ်အောက် အသင်းတော်ဇုံနယ်ပေါင်း ၁၅ ပါးနှင့် ၎င်းအောက် အသင်းတော် စုစုပေါင်း ၃၀၀ ကျော်ရှိပြီး တနိုုင်ငံလုံးအတိုင်းအတာ အသင်းတော်ဝင် ၄၀၀၀၀၀ ကျော်ရှိသည်ဟု KBC ကဆိုသည်။

ချီဖွေဇုံနယ် နှစ်ခြင်းခရစ်ယာန်အသင်းတော် ကို ပန်ဝါ၊ ဖီမော၊ ချန်းမော်၊ ဇီးအွန်၊ ထိကော၊ ကောယွန်၊ ဆော့လော်၊ ထော့လောန်၊  ချီဖွေ၊ မန်လန့်၊ လော်ခေါင်၊ ထိုက်ရှိန်၊ ဂျမ်နောင်၊ ရှန့်ကျူ၊ လောင့်ဖြေ၊ တမူခုန်း စသည့် ဒေသမှ အသင်းတော် စုစုပေါင်း (၁၆) ပါးဖြင့် ပါ၀င်ဖွဲ့စည်းထားသည်။

Most read this week