ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ညီညွတ်ကြရန် တိုင်းရင်းသားတပ်ဖွဲ့များ ဆုံးဖြတ်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ညီညွတ်ကြရန် တိုင်းရင်းသားတပ်ဖွဲ့များ ဆုံးဖြတ်
by -
သတင်းနှင့်မီဒီယာကွန်ယက်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်ကြရန် လိုအပ်ကြောင်း ပြည်တွင်းနှင့် နယ်စပ်ဒေသ တလျောက်ရှိ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများက ပြောသည်။ 

ယခင်ကတည်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသည့် ပြည်တွင်းရှိ တပ်ဖွဲ့များနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် လက်ရှိ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ပြုလုပ်နေသည့် အဖွဲ့ပေါင်း (၂၀) မှ ကိုယ်စားလှယ်များ (၂) ရက်ကြာ ဆွေးနွေးခဲ့ပြီး အချက် (၄) ချက်ကို ဆုံးဖြတ်ခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်တဦးက အခုလို ပြောသည်။

“ဒီအတိုင်းသွားရင် ကျွန်တော့်တို့ နည်းနည်းလေးဘဲ သွားနိုင်တယ်။ အစိုးရနဲ့တောင် ဆွေးနွေးနေ တဲ့အချိန်မှာ ကျွန်တော်တို့ အင်အားစုတွေ ၊ တပ်ပေါင်းစု အကုန်လုံးလည်း ပါသင့်တယ်။ စည်းလုံး ညီညွတ်မှု၊ မတူကွဲပြားမှု၊ အပြန်အလှန်လေးစားမှု၊ အားလုံးပါ၀င်မှု ဆိုတဲ့ အချက်လေးချက်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ခဲ့တာပါ။”

ထို့အပြင် ယင်းအစည်းအဝေး၌ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်နေသည့် အဖွဲ့များ၏ လက်ရှိ အခြေအနေများ ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ဆွေးနွေးပွဲမှာ တောင်းဆိုချက်တွေက ဘယ်လိုအချက်တွွေရှိခဲ့ကြတယ်၊ တောင်းဆိုချက်တွေကို ပြည်ထောင်စု အစိုးရအနေနဲ့ သော်လည်းကောင်း၊ ပြည်နယ်အစိုးရ အနေနဲ့သော်လည်းကောင်း ဘယ်လောက် အထိ ခွင့်ပြုခဲ့ သလဲပေါ့၊ အထူးသဖြင့် KNU၊  KIO ၊ CNF စတဲ့ အတွေ့အကြံုရှိတဲ့ အဖွဲ့တွေက နေပြီး သူတို့နဲ့ အစိုးရကြားက ဆက်ဆံရေးအခြေအနေတွေကိုရှင်းပြတယ်။ KNU အနေနဲ့လည်း သူတို့ ရှေ့မှာတောင်းဆိုမယ့် အချက် တစ်ချို့ကိုလည်း ဖလှယ်ပေးသွားတဲ့အတွက် ငြိမ်းချမ်းရေး စတင်ဆွေးနွေးနေတဲ့ အဖွဲ့တွေအတွက် အများကြီး အတွေ့အကြံုရပါတယ်။” 

အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယခုလ ၁ ရက်နှင့် ၂ ရက်နေ့တို့က ပြုလုပ်ခဲ့ပြီး ဘယ်လဂျီယံ နိုင်ငံအခြေစိုက် ဥရောပ မြန်မာရုံး (EBO) က ကြီးမှူး ကျင်းပခဲ့သည်။

ယင်း အစည်းအဝေးမှ ငြိမ်းချမ်းရေး စီမံချက်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်ဟု ဆိုသော်လည်း မည်သည့် အချက်များ ချမှတ်ခဲ့သည်ကို ဖြေဆိုခဲ့ခြင်း မရှိပါ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပထမအကြိမ် နှီးနှောဖလှယ်ပွဲကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ တကြိမ် ကျင်းပခဲ့ပြီး ယခု ဒုတိယအကြိမ်ဖြစ်သည်။

Most read this week