ဗန်းမော်-နမ့်ခမ်းလမ်း KIA မိုင်းပေါက်ကွဲမှု တွင် မြန်မာစစ်သား ၁၂ ဦး ကျ

ဗန်းမော်-နမ့်ခမ်းလမ်း KIA မိုင်းပေါက်ကွဲမှု တွင် မြန်မာစစ်သား ၁၂ ဦး ကျ
by -
ကချင်သတင်းဌာန

မေ ၆ ရက်၊ တနင်္ဂနွေနေ့က မန်မော် (ဗန်းမော်)-နမ့်ခမ်းလမ်း ၂ နေရာတွင် မြန်မာအစိုးရစစ်ကြောင်းအား KIA မှ မိုင်းထောင် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်များပြောသည်။

manmaw-namhkam-myen

မြန်မာစစ်သားများသည် အင်အားပြင်းထန်သော အဝေးထိန်းမိုင်းများ (remote-controlled mines) ဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးသူ ၃၀ ကျော်သည်ဟု သက်ဆိုင်ရာ KIA အရာရှိများက KNG ကချင်သတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရရှိသူများနှင့် အလောင်းများကို နမ့်ခမ်းဆေးရုံ နှင့် ကိုင်ထိပ် အစိုးရစစ်စခန်းသို့ တင်ဆောင်သွားသည် ဟု မျက်မြင်များဆိုသည်။

ပထမ မိုင်းပေါက်ကွဲမှုသည် မန်ဝင်းအနီး ကျောက်ဖြူတွင် နံနက် ရ နာရီတွင်ဖြစ်ပွားပြီး ဒုတိယ ပေါက်ကွဲမှုသည် ကိုင်ထိပ်စစ်စခန်း အနီး ရှအူခက် (Sha-U Hkyet)၌ နံနက် ၁၁ နာရီတွင်ဖြစ်ပွားသည်ဟု မိုင်းအသံ ကြားရသူများက ပြောသည်။

သေဆုံး ဒဏ်ရာရရှိသော စစ်သားများသည် မြန်မာစစ်တပ် တပ်မ အမှတ် ၉၉ မှ ဖြစ်ကြပြီး ၎င်းတို့၏ ကိုင်ထိပ်စခန်းမှ နမ့်ခမ်းသို့ စစ်ကြောင်းထွက်လာချိန် KIA ၏ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

၎င်းစစ်ကြောင်းအား မန်ဂျေ (မံစီ) မြို့နယ်တွင် အခြေစိုက်သည့် KIA တပ်ရင်း (၁)နှင့် (၂၇) စစ်သားများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ တပ်ရင်းနှစ်ရင်းမှ KIA အရာရှိများ KNG ကချင်သတင်းဌာန သို့ အတည်ပြုသည်။

ယခုလို KIA ၏ မိုင်းဖြင့် တားဆီးတိုက်ခိုက်ခံရပြီးနောက် မြန်မာစစ်သားများ နမ့်ခမ်း သို့ မရောက်နိုင်ဘဲ မူလ ကိုင်ထိပ်စခန်းသို့ ပြန်ခေါက်သွားခဲ့ရကြောင်း စုံစမ်းသိရသည်။

Most read this week