စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် တပ်မတော်ကဏ္ဍ အရေးပါကြောင်း KNU ပြော

စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် တပ်မတော်ကဏ္ဍ အရေးပါကြောင်း KNU ပြော
by -
သတင်းနှင့်မီဒီယာကွန်ယက်

မြန်မာအစိုးရ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးပါကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆို လိုက်သည်။

knu-and-president-at-naypyidaw1

“အစိုးရရဲ့ လုပ်ဆောင်ချက်ပေ့ါလေ။ မြန်မာပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင် အထည် ဖော်မယ်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍက အများကြီး အရေးပါတယ်။ တပ်မတော်က ဒီငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ မားမားမတ်မတ် ရပ်တည်ပြီး တော့ ပါလာမှပဲ ကျမတို့ လုပ်ငန်းတွေက အနှစ်သာရ ရှိမယ်ဆိုတာကို ကျမတို့ အမြဲတန်း ပြောတယ်။” ဟု အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် နော်မေဦးက ပြောသည်။

KNU နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအဝင် ရှေ့ဆက် လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ တရပ်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ FCCT နိုင်ငံခြား သတင်းထောက်များ အသင်း၌ ယနေ့ည (၈) နာရီတွင် ပြုလုပ်ရန် ရှိပြီး ယင်းဆွေးနွေးပွဲ မတိုင်မီ ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်အား ဧပြီလ (၃၀) ရက်နေ့က ဖွဲ့စည်းလိုက်သည့်အပေါ် ကောင်းသည့် ခြေလှမ်း တရပ်အဖြစ် ကြိုဆိုလိုက်ပြီး လုပ်ငန်း အောင်မြင်စေရန် နှစ်ဖက် ဆွေးနွေးချက်များက အဓိကဖြစ်သည် ဟုလည်းဆိုသည်။

တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် KNU အပါအဝင် အခြား လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များက အစိုးရထံ တောင်းဆိုထားပြီး လက်ရှိ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းသင့်သည်ဟုလည်း နော်မေဦးက ပြောသည်။

“ကျမတို့ အားလုံး နားလည်ထား တာက မြန်မာပြည်မှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်မယ်ဆိုရင် မြန်မာပြည် ဘယ်ဒေသမှာမှ စစ်ဖြစ်နေလို့ မရဘူး။ နည်းနည်းပဲ ဖြစ်ဖြစ်၊ သေးသေးပဲ ဖြစ်ဖြစ်၊ ကြီးကြီးပဲ ဖြစ်ဖြစ် မြန်မာပြည်ရဲ့ တစိတ် တဒေသမှာ စစ်ဖြစ်နေတယ်ဆိုရင် မြန်မာပြည်မှာ စစ်ဖြစ်တာပဲ။ ကျမတို့ အဲလိုပဲ ယူဆတယ်။”

ထို့အပြင် KNU အနေဖြင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မယူဆနိုင် သေးသလို ကျန်ရှိနေသည့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အစိုးရနှင့် ထပ်မံ ဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။ သို့သော် ဆွေးနွေးမည့် နေ့ရက် မသတ်မှတ်ရ သေးကြောင်း ၎င်းက ဆက်ပြောသည်။ 

ကရင် အမျိုးသား အစည်းအရုံး KNU သည် မြန်မာအစိုးရအား နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင် တိုက်ပွဲ ၀င်ခဲ့ရာမှ ယခုနှစ် ဇနန္နဝါရီလက ပထမဆုံးအကြိမ်အဖြစ် ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အဖွဲ့နှင့် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရေးကို ဧပြီလ (၆) ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ်တွင် ပြုလုပ်ခဲ့ပြီး အဓိက ပြည်သူလူထုနှင့် သက်ဆိုင်သည့် အချက်(၆) ချက်အား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

Most read this week