မြန်မာအစိုးရက ကချင်စစ်ဆင်ရေးတွင် ရဟတ်ယာဉ် အသုံးပြုလာ

မြန်မာအစိုးရက ကချင်စစ်ဆင်ရေးတွင် ရဟတ်ယာဉ် အသုံးပြုလာ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရတပ်က စစ် ရဟတ်ယာဉ် (၈) စင်းဖြင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ကချင်ပြည်နယ်အရှေ့ပိုင်း နှစ်နေရာတွင် ဧပြီ ၂၈၊ စနေနေ့က တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း KIA သတင်းက ဆိုသည်။

Pang-Wa

ရဟတ်ယာဉ် ၂ စင်းက ယခု မြန်မာ့တပ်မတော် နယ်ခြားစောင့်တပ် တပ်ရင်း အမှတ် ၁၀၀၁ အခြေစိုက်ထား သော (ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ်) ပန်ဝါမြို့ကို ၀ိုင်းထားသည့် KIA တပ်ဖွဲ့များ ကို တိုက်ခိုက်ခဲ့သည်ဟု KIA အရာရှိများဆိုသည်။

တချိန်ထဲမှာ ကျန် ရဟတ်ယာဉ် (၆) စင်းက ၀ိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်း ဆဒုံမြို့နယ်ခွဲရှိ KIA တပ်ရင်း ၃ အောက် ပန်ဆဲစခန်းအပါ၀င် အခြားအမာခံစခန်းများကို တိုက်ခိုက်ခဲ့သည်ဟု တပ်ရင်း ၃ အရာရှိများ ကချင်သတင်းဌာနသို့ အတည်ပြုသည်။

မြန်မာ့တပ်မတော် စစ် ရဟတ်ယာဉ်များ ယခုလို KIA ပစ်မှတ်များကို တိုက်ခိုက်ပြီးနောက် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)ဘက်သို့ ပြန်လှည့်သွားကြသည်ဟု မျက်မြင်များဆိုသည်။

ဧပြီ ၂၆ ရက်မှစပြီး ကန်ပိုင်တီနှင့် ပန်ဝါ တရုတ်နယ်စပ်လမ်းဘက်တွင် အစိုးရနှင့် KIA ကြား တိုက်ပွဲများ ပြင်းထန်လာသည်။ ယနေ့ထိ နှစ်ဖက်တပ်ကြား ချီဖွေနှင့် ပန်ဝါကြား တိုက်ပွဲများဖြစ်နေသည်မှာ ၄ ရက် ရှိနေပြီဖြစ်သည်။

Most read this week