UNFC ကိုယ်စားလှယ်အဖွဲ့ ဂျပန်အစိုးရဖိတ်ခေါ်

UNFC ကိုယ်စားလှယ်အဖွဲ့ ဂျပန်အစိုးရဖိတ်ခေါ်
by -
ဇော်ကြီး

မြန်မာအစိုးရအား လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ် အဖွဲ့ ယနေ့ မွန်းလွဲပိုင်းက ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။

ဂျပန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံမှ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကိစ္စများ ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု သိရကြောင်း ယင်းခရီးစဉ် ဖြစ်မြောက် ရေးအတွက် ကူညီပေးသူ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) မှ တာဝန်ခံတဦးဖြစ်သည့် မိုင်ကျော်ဦးက အခုလို ပြောသည်။

“အရင်တုန်းက အစိုးရအဆက်ဆက်တွေ သွားခဲ့တဲ့အချိန်မှာ တိုင်းရင်းသားတွေအတွက် ထိရောက်မှု မရှိဘူးဆိုတာ သူတို့လည်း သိလာတယ်ပေ့ါလေ။ အခုကျတော့ တိုင်းရင်းသားတွေကိုယ်တိုင် ဖိတ်ခေါ်ပြီးမှ နည်းလမ်းကောင်းတွေ ဆွေးနွေးမယ့် ပုံစံမျိုးလည်း ရှိတယ်လို့ ကျနော် သိထားတယ်။”

မြန်မာအစိုးရအား လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် နှစ် (၆၀) ကျော်ကာလအတွင်း တိုင်းရင်းသား ခေါင်းဆောင်များအား ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် ခေါ်ယူတွေ့ဆုံခြင်း ဖြစ်သည်။

မနက်ဖြန်မှ စတင်၍ ဂျပန်အစိုးရ တာဝန်ရှိသူများ၊ မြန်မာ့အရေး စိတ်ဝင်စားသည့် လွှတ်တော်အမတ် များနှင့် တွေ့ဆုံရန် ရှိပြီး အဓိက UNFC ၏ ရပ်တည်ချက်နှင့် လက်ရှိ အစိုးရအပေါ် ထားရှိသည့် သဘောထားများ သိလို၍ ဖြစ်နိုင်ကြောင်း မိုင်ကျော်ဦးက ဆက်ပြောသည်။

“အထူးသဖြင့် လက်ရှိ အပစ်အခတ်ရပ်စဲရေး လုပ်နေတဲ့ အနေအထားမှာ တိုင်းရင်းသား တွေရဲ့ သဘော ထားကိုလည်း သိသွားမယ်ပေ့ါ။ ထူးခြားတာက ဦးသိန်းစိန် မနေ့က ပြန်သွားတယ် ဒီနေ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ရောက်လာတာပေ့ါနော်။”

ကိုယ်စားလှယ်အဖွဲ့တွင် UNFC ဒု- ဥက္ကဌ စောဒေးဗစ် တာကပေါ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာတို့ သုံးဦးပါ၀င်သည်။

လေဆိပ်တွင် ဂျပန်နိုင်မှ သတင်းထောက်များနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး လက်ရှိအစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO မှ ဒေါက်တာ လဂျာ ပါလာသည့်အတွက် ဂျပန် သတင်း ထောက်များ စိတ်ဝင်စားမှု ပိုရှိကြောင်း တွေ့ရသည်ဟုလည်း မိုင်ကျော်ဦးက ပြောသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့က ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအီချီယို ဂမ်ဘာ (Koichio Gamba) မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး တိုင်းသားဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ကူညီပေးရန် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။

Most read this week