ကရင်နီပြည်နယ် လောပိတ ရေအားလျှပ်စစ် စက်ရုံမှ ရန်ကုန်သို့ သွယ်တန်းပေးနေသည့် လျှပ်စစ်တာဝါတိုင် အောက်တွင် မြုပ်နှံထားသည့် မိုင်းပေါက်ကွဲရာမှ ကလေး နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
ဒီးမော့ဆိုမြို့နယ် ဒေါမြလေး၊ ၆ မိုင် အနီးရှိ ဂျေလားပါလို ကျေးရွာမှ ငှက်လိုက်ပစ်သည့် ကလေး ၄ ဦးတို့ ဓါတ်တိုင်အောက်ရှိ မြေမြုပ်မိုင်းကို တွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲခြင်း ဖြစ်သည်ဟု လွိုင်ကော် ဒေသခံလူငယ် တဦးက ပြောသည်။
လွန်ခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက် ရ နှစ်အရွယ် ကလေးများ ဖြစ်သည်ဟု ဆက်လက်ပြောသည်။
ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)"သူတို့ စစခြင်းကတော့ လေးယောက် စလုံးပေါ့နော့်။ လွိုင်ကော် ဆေးရုံကို ပို့ထားတယ်။ ဒါပေမဲ့ နှစ်ယောက်ကတော့ တစစီကို ထိသွားတော့ ပွဲချင်းပြီး သေသွားတယ်။ ရင်ခွဲရုံမှာ စစ်ဆေးပြီတော့ နောက် တမနက်မှ ရွာကို ယူပြန်လိုက်တယ်။ ကျန်နှစ်ယောက်ကတော့ တယောက်ကတော့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာက ပြင်းထန်နေတယ်။ နောက်တစ်ယောက်ကတော့ သိပ်တော့ မပြင်ထန်ဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံး အခု လွိုင်ကော် ဆေးရုံမှာ ရှိနေတယ်။"
အစိုးရတို့နှင့် ကရင်နီပြည်တပ်မတော်တို့ တိုက်ပွဲ ဖြစ်စဉ်တုန်းက အဆိုပါ လျှပ်စစ် ဓါတ်တိုင်အား ကရင်နီ လက်နက်ကိုင် တော်လှန်းရေး အဖွဲ့များ လာရောက်ဖျက်ဆီးမည် ဆိုသည့် အကြောင်းပြချက် ပေးပြီး မြေမြုပ်မိုင်းများ ထောင်ထားခြင်း ဖြစ်သည်။
"အစိုးရတွေကတော့ သူတို ကျနော်တို့နဲ အကြောင်းပြချက် ပေးပြီတော့ ဒီမိုင်းတွေကို ထောင်ထားတာပါ။ လောပိတာ စက်ရုံကနေ တောင်ငူအထိ တောက်လျောက် ထောင်ထားတယ်။ တတိုင်ကို မိုင်း ၁၀ လုံး ထက်မနည်းတော့ ထောင်ထားတာ ရှိတယ်" ဟု ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။
ထို့အပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးစဉ်က မြေမြုပ်မိုင်း ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေ းခဲ့သော်လည်း တစုံတရာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း "ကျနော်တို့ တင်ပြတဲ့ အချက် ၂၀ ထဲမှာ ပါတယ်။ ဒါပေမဲ့ ဦးအောင်မင်းက သမ္မတဆီကို ပြန်တင်ပြပေးမယ်လို့ပဲ ပြောတယ်" ဟု ဆက်လက်ပြောပါသည်။
လွန်ခဲ့တဲ့ မတ်လ ရ ရက်နေ့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့သည် လွိုင်ကော်မြို့ တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိရေးနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ရေး စသည့် အချက် ၃ ချက်ဖြင့် ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
အပစ်ရပ်စဲသဘောတူ လက်မှတ်ရေးထိုးပြီး၍ မြေမြုပ်မိုင်း ဖယ်ရှားရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ KDRG မှ ခူးတော်ရယ် က ပြောသည်။
"ဒီလမ်းမကြီးဘေးမှာ အခုထိ မြေမြုပ်မိုင်းတွေကို ထားရှိဖို့ မလိုအပ်တော့ဘူးလို့ ထင်တယ်။ အစိုးရ အနေနဲ့ ဖယ်ရှားပေးဖို့ သင့်ပါပြီ။ ထားတယ်ဆိုတာကတော့ အရင့်အရင်က လက်နက်ကိုင် တော်လှန်ရေးတွေရဲ့ ရန်ကို အကာအကွယ် ထားတယ်လို့ပဲ မြင်တယ်လေ။ အခုချိန်မှာ ဖျက်မယ့် လူလည်း မရှိတော့ဘူးလို့ ကျနော် အဲလိုပဲ မြင်တယ်လေ။ အဲဒါကြောင့် ဖယ်ရှားပေးဖို့ လိုတယ်" ဟု ခူးတော်ရယ် က ပြောပါသည်။
လျှပ်စစ်ဓါတ်တိုင်အောက်တွင် ထောင်ထားသော မြေမြုပ်မိုင်များကို ဒေသခံများဖြစ်စေ၊ ကျွဲ၊ နွား တိရိစ္ဆာန် များဖြစ်စေ နင်းမိပါက အစိုးရမှ လျှော်ကြေးငွေ ပြန်တောင်းလေ့ရှိသော်လည်း ယခုတကြိမ်တွင် တစုံတရာ ပြောကြားခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။