တပ်မတော်နေ့ကို တာချီလိတ်တွင် ဗုံးသံဖြင့်ကြို

တပ်မတော်နေ့ကို တာချီလိတ်တွင် ဗုံးသံဖြင့်ကြို
by -
ဇော်ကြီး

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုးနှင့် အဖွဲ့ ယနေ့နံနက်က တာချီလိတ်မြို့ ဂေါက်ကွင်းသို့ အသွား ဂေါက်ကွင်းအတွင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦး ထိခိုက် ဒဏ်ရာ ရခဲ့သည်။

Tachileik

တာချီလိတ်မြို့ မြောက်ဖက် ဆန်ဆိုင်းရပ်ကွက်ရှိ ဂေါက်ကွင်း၌ နံနက် (၇) နာရီနှင့် (၈) နာရီ အချိန်ခန့်က မိုင်းနှစ်လုံး အချိန် (၁) နာရီခန့် ခြား၍ ပေါက်ကွဲခဲ့သည်ဟု တာချီလိတ်မြို့ခံတဦးက အခုလိုပြောသည်။

“ဗျူဟာမှူးနဲ့ အဖွဲ့ပေ့ါ။ ရဲချုပ်တွေ ရဲမင်းကြီးတွေလည်းပါတယ်။ သူတို့ ဂေါက်ရိုက်ဖို့ သွားတဲ့ အချိန်မှာ မနက် (၇) နာရီလောက်မှာ တလုံးကွဲသွားတယ်။ ကွဲသွားပြီးတော့ စစ်တပ်ကို ခေါ်ပြီးတော့ သူတို့ မိုင်းရှာတယ်။ မိုင်းကမတွေ့ဘဲနဲ့ (၈) နာရီလောက်မှာ နောက်တလုံးက တခါထပ်ကွဲပြန်တယ်။”

လောလောဆယ်တွင် ဂေါက်ကွင်းဖက်သို့ သွားသည့် လမ်းကြောင်း တလျောက်အား သက်ဆိုင်ရာက ပိတ်ပင်ထားပြီး တာချီလိတ်မြို့တွင်း နေရာအနှံ့၌ စစ်တပ်၊ ရဲနှင့် စစ်ဖက်ရေးရာ လုံခြံုရေးအဖွဲ့ (စရဖ) စသည့် အာဏာပိုင် အဖွဲ့အစည်းများက တင်းကြပ်စွာ စစ်ဆေးနေကြောင်း ဆက်လက်ပြောဆိုသည်။

“မနက်ကတည်းက ရှာဖွေရေး လုပ်နေတာခုထိပဲ။ ဒီကသွားတဲ့ ဆိုင်ကယ်တွေ ကားတွေအကုန်လုံးကို သူတို့ တားပြီးတော့ စစ်နေတာတွေ့တယ်ဗျ။”

အာဏာပိုင်နှင့် နီးစပ်သူ တဦးကမူ ပေါက်ကွဲမှု ဖြစ်ပွားစဉ် တရုတ်အမျိုးသား စီးပွားရေးသမား တဦးနှင့် ဂေါက်ရိုက်အိတ် သယ်ဆောင်ပေးသည့် ဂေါက်ကွင်းဝန်ထမ်း တဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း အခုလို ပြောသည်။

“ကိုအားပြာ ဆိုတဲ့လူက လည်ပင်းနားက ညှပ်ရိုးမှာ ဒဏ်ရာ ရတယ်။ သူက အစိုးရ လူကြီးပိုင်းတွေ နဲ့လည်း နီးစပ်မှု ရှိတဲ့သူပေ့ါ။ အဲဒီမှာ ကယ်ရီသမားလေးတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ သူ့ကို ဗျူဟာမှူးက တာဝန်ယူပြီး ထိုင်းဖက်ခြမ်းမှာ ကုပေးမယ်လို့ ပြောတယ်။”

ထို့အပြင် နေ့လည် တစ်နာရီ အချိန်ခန့်ကလည်း ဂေါက်ကွင်းအနီး မိုင်းတလုံး ထပ်မံပေါက်ကွဲခဲ့ပြီး စုစုပေါင်း မိုင်း (၃) လုံး ပေါက်ကွဲ၍ မပေါက်ကွဲသေးသည့် မိုင်း (၃) လုံးကို သက်ဆိုင်ရာမှ ဖော်ယူရရှိထားပြီး ဆက်လက် ရှာဖွေနေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။

တာချီလိတ်နှင့် ကျိုင်းတုံမြို့တို့တွင် လာမည့် မတ်လ(၂၇) ရက်နေ့၌ တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရန် ရှိသည်ဟု သတင်းများ ထွက်ပေါ် နေပြီး ယင်းပြိုင်ပွဲ၌ အစိုးရစစ်တပ်မှ အရာရှိကြီးများ အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေး သမားများ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဟု သတင်းရရှိသည်။ သို့သော် ယင်းကိစ္စ သီးခြား အတည်ပြု၍ မရသေးပါ။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း မြို့တွင်း မြို့ပြင် လုံခြံုရေးများ တိုးမြင့် ချထားကြောင်းနှင့် ယမန်နေ့ည သန်းခေါင်ကျော်က စတင်၍ ပြတ်တောက်သွားသည့် လျပ်စစ်မီးများ ယနေ့ညနေပိုင်းထိ ပြန်မလာသေးကြောင်း တာချီလိတ် မြို့ခံများက ပြောသည်။

Most read this week