ကရင်နီမှာ ဘီးလပ်မြေစက်ရုံဆောက်ဖို့ တရုတ်နဲ့ ဂျာမနီ ပညာရှင်တွေရောက်ပြီ

ကရင်နီမှာ ဘီးလပ်မြေစက်ရုံဆောက်ဖို့ တရုတ်နဲ့ ဂျာမနီ ပညာရှင်တွေရောက်ပြီ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းမှာ ဘိလပ်မြေတန်ချိန် ၄၀၀၀ ထုတ်လုပ်ပေးနိုင်မည့် ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ တရုတ်နဲ့ဂျာမနီ အင်ဂျင်နီယာအချို့ ဆောက်လုပ်မည့်နေရာကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

မြေယာသိမ်းဆည်းခံရမယ့် ပကျဲကျေးရွာ မြေကွက်များ (ဓါတ်ပုံ-ကေတီ)

"အခုသူတို့ အလုပ်သမားတွေက ဆယ်ဂဏန်း လောက်ပဲ တွေ့ရသေးတယ်။ နောက်ပြီး သူတို့ လုံခြံုရေးအတွက် စစ်တပ်တွေက ကားသုံးစီးနဲ့ ပတ်ပတ်လည် နေရာတွေ ယူထားပေးတယ်၊ နောက်ထပ် သူတို့ အလုပ်သမားတွေကိုလည်း အယောက် ၂၀၀ လောက် ထပ်လာမယ်လို့ပြောတယ်" လို့ ပကျဲကျေးရွာက ရွာခံတယောက်က ပြောပါတယ်။

Square Power Group ကုမ္ပဏီမှ ဦးဆောင်ပြီး လွိုင်ကော်မြို့ရဲ့ အရှေ့မြောက်ဘက် ပကျဲကျေးရွားဟောင်းမှာ တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံကို အငြိမ်းစားယူထားတဲ့ ဗိုလ်မှူး ဦးအောင်ကြီးက တာဝန်ယူမှာဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

စက်ရုံတည်ဆောက်ဖို့ မြေဧက-၂၀၀၀ ကျော်ကို သိမ်းယူရမှာဖြစ်တဲ့အတွက် မြေယာပိုင်ဆိုင်တဲ့ ဒေသခံရွာသား တွေက ကန့်ကွက်တာတွေ ပြုလုပ်နေပါတယ်။

" အခု ဒီမြေကွက်တွေကို တိုင်းထားပြီးပြီ ဖြစ်တဲ့အကြောင်း ဆိုပြီး ဖြတ်ပိုင်းကိုလာပေးတယ်၊ လျော်ကြေးကို အခုချိန်ထိ ဘာမှတော့ လာပြောသွားတာ မရှိသေးဘူး။ မြေသြဇာ ကောင်းတဲ့ နေရာမျိုးမှာတော့ တဧကကို ခြောက်သောင်းပြန်ပေးမယ်လို့တော့ ကောလဟာလ သတင်းတွေတော့ ကြားနေရတယ်။ တကယ့် ကာလ ပေါက်စျေး ဆိုရင်တော့ ၁၀ သိန်းထက်မနည်း ရှိမယ်။ ကာလပေါက်စျေးနဲ့ ပေးမယ်ဆိုတောင်မှ မရောင်းဘူး ဘာဖြစ်လဲဆိုတော့ ကျနော်တို့ ဒီမြေကွက်တွေနဲ့ပဲ အသက်ရှင်ရပ်တည်နေရတယ်” လို့ မြေပိုင်ရှင်တယောက်က ပြောပါတယ်။

စက်ရုံတည်ဆောက်မည့်နေရာဟာ ကုန်းပြင်မြင့်ဖြစ်ပြီး လက်ရှိ ဒေသခံများက တောင်ယာနဲ့ စိုက်ပျိုးခင်းများ အတွက် လုပ်ကိုင်စားသောက်နေကြတဲ့ နေရာလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပကျဲရွာသစ်၊ ချိကယ်အုပ်စုနဲ့ နွားလဘိုးရွာစတဲ့ ဒေသခံများက တောင်ယာများ လုပ်ကိုင်ကြပြီး မြေပဲ၊ ပဲစေ့ငုံ၊ ပဲပုပ်၊ ပြောင်းဖူးနဲ့အဓိက စပါးတို့ကို နှစ်စဉ် နှစ်တိုင်း နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် လုပ်ကိုင်စားသောက်နေကြတဲ့ မြေကွက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံဆောက်ဖြစ်ခဲ့ရင် ဒေသခံရွာသားတို့အတွက် အလုပ်အကိုင်ကို စက်ရုံအတွင်း ပြန်ခန့်အပ်ပေးမယ့်အပြင် အများပြည်သူသုံး လမ်းများ ဖောက်လုပ်ပေးခြင်း၊ မီးမရသေးတဲ့ ရွာတွေကို မီးများသွယ်ပေးခြင်း၊ ဆေးရုံဆေးပေးခန်းများ တည်ဆောက်ပေးမယ်လို့ အစိုးရနဲ့ ကုမ္ပဏီလုပ်ငန်းရှင်တို့က ဒေသခံရွာသားတို့အကြား စည်းရုံးမှုတွေ လုပ်နေကြရပါတယ်။