ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ အစိုးရတို့ဟာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးကို ပဏာမ သဘောတူလက်မှတ်ရေးထိုးကြတဲ့ နေ့ရက်ကစပြီး ကနေ့အထိ နှစ်ဦးနှစ်ဘက် ပစ်ကြခတ်ကြတာ မရှိကြောင်း ကရင်နီတပ်မတော်ဘက်က ဆိုပါတယ်။
ကရင်နီပြည်နယ်မှာ အခြေစိုက်လှုပ်ရှားတဲ့ အစိုးရတပ်မှ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၇ လက်အောက်ခံ တပ်ရင်းတွေဟာ မတ်လအတွင်းမှာ ခြေမြန်တပ်မဌာနချုပ် (တပ်မ) ၅၅ လက်အောက်ခံ တပ်ရင်းတွေနဲ့ တပ်လဲလှယ်ပြီးနောက် KNPP ဘက်က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။
ကရင်နီတပ်နဲ့ အစိုးရတပ်တို့ အကြားမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိသေးပေမယ့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲတုန်းက နှစ်ဦးနှစ်ဘက် သဘောတူထားတဲ့ အချက်တွေကို အစိုးရဘက်က ချိုးဖောက် မယ်ဆိုရင် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ KNPP သတင်းနဲ့ ပြန်ကြားရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခူဒယ်နီယာက ပြောပါတယ်။
ကရင်နီပြည်တပ်မတော်မှ ဖွင့်လှစ်ထားတဲ့ အပတ်စဉ် ၆၀ အခြေခံ စစ်သင်တန်းကို တက်ခဲ့တဲ့ ကရင်နီတပ်သားသစ်တွေ (ဓါတ်ပုံ-ကေတီ)“သူတို့ စည်းကမ်းတွေ ဖောက်မယ်ဆိုရင် တိုက်ပွဲကတော့ ဖြစ်ကြရမှာပဲလေ။ သူတို့ ပြောထားတာက သူတို့ တပ်အပြင်သို့ မထွက်သွားရဘူးတဲ့။ သူတို့ သွားမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်ကြမှာပဲလေ↔လို့ သူက ပြောပါတယ်။
KNPP နဲ့ အစိုးရတို့ဟာ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အပစ်ရပ်ဖို့ ပဏာမ သဘောတူခဲ့ကြပေမယ့် အစိုးရတပ်နဲ့ KNPP တပ်အကြား ပစ်ခတ်မှုတွေ ပြန်လှည်မဖြစ်ပွားဖို့က နိုင်ငံရေးအရ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးနေကြတဲ့ အခြေအနေပေါ်မှာ မူတည်တယ်လို့ ကရင်နီပြည်တပ်မတော်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်ကလည်း ပြောပါတယ်။
“နိုင်ငံရေး မပြေလည်သေးသမျှ တိုက်ပွဲကတော့ ဖြစ်နိုင်တယ်။ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်တယ်။ တကယ်လို့ သူတို့ ဒီမိုကရေစီရေးတွေ၊ တန်းတူရေးတွေကို မပေးရင် ဘယ်လို လုပ်လို့ ရမှာလဲ။ လူကို လူလို ဆက်ဆံဖို့ မပေးရင် ဘယ်လို လုပ်မှာလဲ↔လို့ သူက ပြောပါတယ်။
လက်ရှိ ကရင်နီပြည်နယ် တခုလုံးမှာ အစိုးရက ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်း ၁၀ ရင်း၊ စကခ ရ လက်အောက်ခံ ၄ ရင်းနဲ့ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၆ ရင်း စုစုပေါင်း တပ်ရင်း ၂၀ ချထားတယ်လို့ ကရင်နီပြည်တပ်မတော်မှ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရ ရက်နေ့က KNPP နဲ့ အစိုးရတို့ဟာ ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိရေးနဲ့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ရေး စတဲ့ အချက် ၃ ချက်ဖြင့် ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ် မတ်လက KNPP နဲ့ နဝတ အစိုးရတို့ဟာ အချက် ၁၆ ချက်ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပေမယ့် ၃ လ အကြာမှာ ပြန်လည်ပျက်ပြယ်ခဲ့ကြပါတယ်။