ထားဝယ်မြို့နယ်ရှိ ရေအားလျပ်စစ် စီမံကိန်း ရပ်ဆိုင်းပေးရန် သမ္မတထံ စာပို့

ထားဝယ်မြို့နယ်ရှိ ရေအားလျပ်စစ် စီမံကိန်း ရပ်ဆိုင်းပေးရန် သမ္မတထံ စာပို့
by -
ဇော်ကြီး

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အတွင်းရှိ ရေကာတာ တည်ဆောက်နေမှု ရပ်ဆိုင်းပေးရန် ဒေသခံများက နိုင်ငံတော် သမ္မတထံ စာရေး တောင်းဆိုလိုက်သည်။

imagesas

အညာဖျားကျေးရွာအုပ်စုအတွင်း တည်ဆောက်ရန်ရှိသည့် ရေအား လျပ်စစ်စီမံကိန်းအပေါ် အညာဖျား၊ ဒါးသွေးကျောက်၊ ဆိပ်ချောင်း၊ ညောင်ချောင်း စသည့် ကျေးရွာများမှ ဒေသခံ နှစ်ထောင်ကျော် လက်မှတ်ရေးထိုးထားသည့် စာတစောင်အား မတ်လ (၁၂) ရက်နေ့က ပေးပို့လိုက်ခြင်းဖြစ်သည်။

အညာဖျားကျေးရွာ အောက်ဖက် (၂) မိုင်ခန့်ရှိ အညာဖျားချောင်းပေါ်တွင် တည်ဆောက်ရန် ရှိပြီး ရေကာတာ၏ အထက်ဖက်ရှိ ကျေးရွာများ အပါအဝင် ဥယျာဉ်ခြံမြေ စိုက်ခင်း ဧက (၉၀၀၀) ကျော် ရေနစ်မြုပ်နိုင်သည့် အနေအထား ဖြစ်ပေါ်နေသဖြင့် ကန့်ကွက်စာ ပေးပို့ခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

ရေကာတာ တည်ဆောက်ပြီးပါက အညာဖျားကျေးရွာ အုပ်စုအတွင်းရှိ အထက်ပါ ရွာ(၄)ရွာ ပြောင်းရွှေ့ရမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် အခက်အခဲ ဖြစ်ကြရသည်ဟု လက်မှတ်ရေးထိုးရာတွင် ဦးဆောင်ပါ၀င်သူ အညာဖျားကျေးရွာသား တဦးက ပြောသည်။

လျော်ကြေးပေးမယ်ဆိုရင်လည်း ကျွန်တော်တို့အတွက် ဘာမှလုပ်လို့မရဘူး။ သူတို့ပေးမယ့် မြေနေရာ မှာကလည်း ရေမရှိဘူး။ အခုကျွန်တော်တို့နေတဲ့ နေရာမှာက ရေရှိတယ်။ နောက်ထပ် အဲလိုခြံရဖို့ဆိုရင် ကျွန်တော်တို့ အများကြီးပြန်ရင်းရမှာ နှစ်ဆ ပြန်လုပ်ရမယ်။ ကျွန်တော်တို့ခြံဆိုရင် ဘိုးဘွားဘီဘင် သုံးဆက်လေးဆက်စားရတာ။

ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းအဖြစ် ဆန်စပါး အပါအဝင် ကွမ်းသီး၊ ဒူးရင်းနှင့် ရာသီပေါ်သီးနှံ မျိုးစုံ စိုက်ပျိုးကြသည်။ ထို့အပြင် စိုက်ပျိုးမြေ ဧက (၉၀၀၀) ကျော် အနက် ကွမ်းသီး စိုက်ဧက (၆၃၀၀) ခန့်ရှိပြီး ကွမ်းသီးမှ တနှစ်ဝင်ငွေ ကျပ်သန်းပေါင်း (၂၁၈၀) ကျော်ရှိကြောင်း သမ္မတထံ ပေးပို့သည့်စာ၌ ဖော်ပြထားသည်။

လောလောဆယ်တွင် ဆက်သွယ်ရေး လမ်းကြောင်းဖောက်ခြင်း၊ ဆောက်လုပ်ရေးဝန်ထမ်း အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် ရေလွဲတံခါးတည်ဆောက်နိုင်ရန် တောင်များဖြိုချနေသည်ဟု ဒေသခံများက ပြောသည်။

အမြင့် (၁၇၅) ပေခန့်ရှိ ရေကာတာ တည်ဆောက်ရန်ရှိပြီး ရရှိသည့် လျပ်စစ်ဓါတ်အားများကို ထားဝယ်မြို့သို့ ပို့ဆောင်မည်ဟု သိရကြောင်း ဒေသခံများက ပြောဆိုသော်လည်း ယင်းကိစ္စ အတည်ပြု၍ မရသေးပါ။

ယင်းကိစ္စ သိရှိနိုင်ရန် တာဝန်ယူ ဆောက်လုပ်နေသည့် DELCO နှင့် Myanmar Nature Energy Wave (မြန်မာ့ သဘာဝ စွမ်းအင်လိုင်း) ကုမ္ပဏီတို့မှ တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

အစိုးရက ထားဝယ်ခရိုင်၊ ရေဖြူ မြို့နယ်အတွင်း ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုံ စီမံကိန်းများ တည်ဆောက်လျက်ရှိပြီး ယင်းစီမံကိန်းများ၌ ရေပေးဝေရန် တည်ဆောက်မည့် ကလုံးထာ ရေကာတာ စီမံကိန်းအား နေရာ ပြောင်းရွှေ့ပေးရန် ဒေသခံများက အစိုးရထံ တောင်းဆိုခဲ့မှု မကြာသေးမီက ဖြစ်ပွားခဲ့သေးသည်။

Most read this week