မရမ်းကုန်မြို့နယ် မီးလောင်မှု သတင်းယူခွင့် ပိတ်ပင်ခံရ

မရမ်းကုန်မြို့နယ် မီးလောင်မှု သတင်းယူခွင့် ပိတ်ပင်ခံရ
by -
သဇင်နီ

ရန်ကုန်မြို့ရှိ မြန်မာစစ်တပ် အကြီးတန်းအရာရှိကြီးများ အများစုနေထိုင်ရာ မရမ်းကုန်းမြို ့နယ် (၅) ရက်ကွက် အတွင်း  ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က သတင်းယူခွင့် ပိတ်ပင်ထား ကြောင်း သတင်းသမားများက ပြောသည်။

“ကျွန်တော်တို့ လောင်လောင်ချင်းညကသွားတယ်။ လုံးဝကိုအဝင်မခံဘူး၊ ဂိတ်ပေါက်ရောက်သွားတယ်။ မနက်ကျတော့ကျွန်တော်တို့ ထပ်သွားတယ်။ ဟိုရောက်တာ့ အဲဒီမှာ ရဲကားတွေတန်းစီနေတယ်။  လူကြီးကားတွေလည်း ရောက်နေတယ်။ လုံးဝကိုပေးမဝင်ဘူး၊ ဘယ်မီဒီယာကိုမှပေးမဝင်ဘူး။” ဟု ရန်ကုန် သတင်းထောက် တဦးက ပြောသည်။

သို့သော် စတုတ္ထမဏ္ဍိုင်များ အနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွတ်လပ်မှုနှင့် တာဝန်ယူမှုကို  မျှမျှတတ ထိန်းကျောင်းဆောင်ရွက်သွားရန် “အမျိုးသား စာနယ်ဇင်းကောင်စီ” အား ဖွဲ့စည်းပေးသွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ အစိုးရ သက်တမ်း တနှစ်ပြည့်မိန်းခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေးဗီလာ အိမ်ရာရှိ ဗိုလ်ချုပ်ကြီးတစ်ဦးနေအိမ်မှ ယခုလ ၁၂ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်ခန့်က စတင်၍ အချိန် (၂) နာရီနီးပါးခန့် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မရမ်းကုန်းမြို့နယ်အတွင်း နေထိုင်သူများ ကဆိုသည်။

သို့သော် တိုင်းမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဲယားကွန်းဝါယာကြိုး အပူလွန်ကဲရာမှ စတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အာစီနှစ်ထပ်ခွဲ တိုက်အပေါ်ထပ်အပါအဝင် အတွင်းပစ္စည်းတန်ဖိုး စုစုပေါင်းကျပ်ငွေ ၉၈ သိန်းခန့် ဆုံးရှံုးခဲ့ပြီး အိမ်ရှင်အမျိုးသမီးအား သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူထားကြောင်း သိရသည်။ 

ထို့အပြင် မီးလောင်ကျွမ်းချိန်၌ မီးသတ်ယာဉ် ၃၉ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၆၅ ဦး သွားရောက် ငြိမ်းသတ်ခဲ့သည်ဟုလည်း တိုင်းဦးစီးဌာန ထုတ်ပြန်ချက်ကဆိုသည်။

မီးလောင်မှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် အုပ်ချူပ်ရေးမှူးရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့ရာ “အုပ်ချုပ်ရေးမှူး တိုင်းအစည်းအဝေးသွားနေလို့ ဖြေကြားလို့မရသေးပါဘူး။” ဟု ဖုန်းကိုင်သူ တဦးက ပြန်လည် ဖြေကြားခဲ့သည်။ 

နွေဦးပေါက်ရာသီ ၀င်ရောက်ချိန််တွင် မီးပေ့ါဆမှုမရှိရန် သတိပေးမှုများ အစိုးရအာဘော် သတင်းစာများ၌ နေ့စဉ် ဖော်ပြထားသည်။ သို့သော် မြန်မာနိုင်ငံ နေရာအနှံ့၌ မကြာခန မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က တာမွေမြို့နယ် ကျိုက္ကဆံလမ်းအတွင်းရှိ တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး  မီးလောင်မှု တကြိမ် ဖြစ်ပွားခဲ့သေးသည်။

Most read this week