အစိုးရနှင့် စစ်တပ်အကြား ဆက်ဆံရေးကို သံသယ ဖြစ်မိကြောင်း SSA/ RCSS တပ်ဖွဲ့ပြော

အစိုးရနှင့် စစ်တပ်အကြား ဆက်ဆံရေးကို သံသယ ဖြစ်မိကြောင်း SSA/ RCSS တပ်ဖွဲ့ပြော
by -
ဇော်ကြီး

မြန်မာ အစိုးရအဖွဲ့နှင့် စစ်တပ်အကြား ဆက်ဆံရေး အားနည်းသည့် အပေါ် သံသယ ဖြစ်မိကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေးကောင်စီ SSA/ RCSS က ပြောဆိုလိုက်သည်။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုန်စစ်ဒေသ မိုင်းယောင်း မြို့နယ်အတွင်းရှိ SSA/ RCSS ဒေသခံ တပ်ဖွဲ့များနှင့် အစိုးရ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၈ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၅၇၃) လှုပ်ရှားတပ်ဖွဲ့များ ယမန်နေ့ နံနက်ပိုင်းက နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းကိစ္စ တိုင်းပြည်ငြိမ်းချမ်းမှုရစေရန် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည့်အပေါ် “ကောင်းတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ အဖြေရှာချင်ပါတယ်။ အဲဒါကို တပ်က အစိုးရနဲ့ ညှိလို့ မရဘူးလား ဆိုတာတော့ မသိတော့ပါဘူး။ အစိုးရက ကျနော်တို့နဲ့ သဘောတူညီချက်တွေ ရရှိထားပြီးတော့ တပ်က ဘာဖြစ်လို့ တမျိုးတဖုံ လုပ်နေတာလဲ ဆိုတာ သံသယတော့ ဖြစ်မိတာပေ့ါနော်။” ဟု SSA/ RCSS တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

ကျိုင်းတုန် စစ်ဒေသရှိ SSA တပ်ဖွဲ့များအား နေရာရွေ့ပြောင်းရန် အစိုးရတပ်ဖွဲ့က စစ်ရေးအရ ဖိအားပေးသည့် သဘောဖြင့် ယခုလို တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဖက် လက်မှတ်ထိုးခဲ့စဉ်က ယင်းကိစ္စ တရားဝင် သဘောတူထားခြင်း မရှိကြောင်းနှင့် အကယ်၍ အစိုးရတပ်က ရှေ့ဆက်လှုပ်ရှားလာပါက ပြန်လည် တိုက်ခိုက်ရန် ညွှန်ကြားထားကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့ကတော့ အေးအေး ဆေးဆေး နေချင်ပါတယ်။ သူတို့က စစ်ရေးနဲ့ ကျနော်တို့ ရှိတဲ့ဖက်ကို ၀ုိင်းရံလာပြီးတော့ ဟိုရွေ့ခိုင်း ဒီရွေ့ခိုင်း လုပ်လာရင်တော့ သူတို့တိုက်ရင်လည်း ပြန်တိုက်ကြတာ ပေ့ါလို့ ကျနော်တို့ တပ်ဖွဲ့တွေကို ပြန်ပြောလိုက်တာပဲ။”

အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဒီဇင်ဘာလ (၂) ရက်နေ့က အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရှမ်းပြည်တောင်ပိုင်း သီပေါ၊ ကျောက်မဲ၊ မိုင်းပန်၊ မိုင်းဖြတ်နှင့် မိုင်းတွင်းကြီး ဒေသများတွင်လည်း တိုက်ပွဲ (၁၀) ကြိမ်ကျော်  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပွားမှုအပေါ် သက်ဆိုင်ရာ နှစ်ဖက် ဆက်ဆံရေးတာဝန်ခံများ လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၂၇) ရက်နေ့က တကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ပြီး ယခု ထပ်မံ ဖြစ်ပွားသည့်အပေါ် ပြေလည်မှု ရသည်အထိ ဆွေးနွေးညှိနှိုင်းသွား မည်ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည်တည် ဆောက်ရေးကောင်စီ SSA/ RCSS တပ်ဖွဲ့သည် ၁၉၉၆ ခုနှစ် စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲခဲ့သည့် ဦးခွန်ဆာ ခေါင်းဆောင်သည့် အဖွဲ့မှ ခွဲထွက်ခဲ့ပြီး အစိုးရအား လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ရာမှ လွန်ခဲ့သည့် ဒီဇင်ဘာလ(၂) ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

Most read this week