ကရင်နီပြည်တွင်း ရေကာတာ စီမံကိန်းများသည် သုတေသန ပြုခြင်းသာဖြစ်ဟု အစိုးရဆို

ကရင်နီပြည်တွင်း ရေကာတာ စီမံကိန်းများသည် သုတေသန ပြုခြင်းသာဖြစ်ဟု အစိုးရဆို
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်းတွင် ရေကာတာ ၃ ခု ဆောက်လုပ်ရန် တရုတ် ကုမ္ပဏီနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် ကိစ္စသည် သုသေတန ပြုလုပ်နေခြင်းသာ ဖြစ်သည်ဟု အစိုးရက ပြောသည်။

ywati-dam0

မတ်လ ရ ရက်နေ့က လွိုင်ကော်မြို့၌ ပြုလုပ်သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)နဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲတွင် ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းများနှင့် ပတ်သက်၍ ရပ်ဆိုင်းပေးရန် ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က ထည့်သွင်းဆွေးနွေးခဲ့ရာ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု ကေအဲန်ပီပီ အတွင်းရေးမှူး ၂ အောင်ဆန်းမြင့်က ပြောသည်။

ရွာသစ် ရေကာတာ ဆောက်လုပ်ရန်အတွက် ပြင်ဆင်နေပုံ (ဓါတ်ပုံ-KDRG)“သူတို့ကတော့ လောလောဆယ်ကတော့ ဒါသုတေသနပဲ လုပ်နေတာပေါ့။ ဒီလုပ်ငန်းကို implementation မလုပ်သေးဘူးလို့ အဲလိုမျိူး ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ နားလည်တာကတော့ အဲဒါကို လုပ်ဖို့အတွက် သုတေသန လုပ်တယ်လို့ ကျနော်တို့ အဲလို ယူဆတယ်” ဟု ၎င်းက ပြောသည်။

အစိုးရနှင့် တရုတ် အကြီးစား ရေးအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် Datang ( Yunnan ) United Hydropower Developing Co တို့သည် ဘောလခဲ့မြို့နယ်အတွင်းရှိ ရွာသစ် အနီး သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်ဓါတ်အား ၆၀၀ မီဂါ၀ပ် ထုတ်လုပ်မည့် ရေကာတာ၊ စောလိုဟောင်ခန်း အနီး ပွန်ချောင်းပေါ်တွင် လျှပ်စစ်ဓါတ်အား ၁၁၀ မီဂါ၀ပ် ထုပ်လုပ်မည့် ရေကာတာနှင့် လွိုင်ကော်မြို့နယ်မြောက်ဘက်ရှိ သဘောချောင်းတွင် လျှပ်စစ်ဓါတ်အား ၁၁၀ မီဂါ၀ပ် ထုပ်လုပ်မယ့် ရေကာတာ ဆောက်လုပ်ရန်အတွက် သဘောတူခဲ့ကြကြောင်း ကရင်နီဖွံ့ဖြိုးရေး သတေသနအဖွဲ့ KDRG က ဆိုသည်။

အစိုးရက ၎င်းရေကာတာ စီမံကိန်းများကို သုတေသန သက်သက်သာ ပြုလုပ်မည်ဆိုလျှင် ပွင်းလင့်စွာ လုပ်ဆောင်ရမည် ဖြစ်ပြီး ဒေသခံလူထုများနှင့် လူမှုအသင်းအဖွဲ့များ ပါ၀င်ရမည်ဟု KDRG တာဝန်ခံ ခူးတော်ရယ်က ပြောသည်။

၎င်းက “အခု သူတို့ လုပ်နေတဲ့ သုတေသနအရ ရေကာတာကြီးကို ဘယ်လို တည်ဆောက်မလဲ။ ဒီဇိုင်း ဘယ်လိုလုပ်မလဲ စသည်ဖြင့် ပထဝီ အနေအထားကို ကြည့်ပြီးတော့မှ သုတေသန လုပ်နေတာ ဖြစ်တယ်။ အဲဒီဟာ လုပ်တာဟာလည်း လုံခြံုရေးတွေ အပြည့် ချထားပြီးမှ ဘယ်သူမှ လေ့လာနိုင်တာမျိုး သိရှိနိုင်တာမျိုး မရှိဘူးလေ” ဟု ပြောသည်။

ယခုတွင် ယင်းရေကာတာ ဆောက်လုပ်ရေး စီမံကိန်းများကို အကော်အထည် မဖော်သေးသော်လည်း ရွာသစ် ရေကာတာကိုတော့ ရေ၊ မြေ တိုင်းထွာမှုများကို ဆောက်လုပ်ရေးသမားများက ပြုလုပ်လျက်ရှိပြီး လုံခြံုရေး အပြည့် ချထားလက်ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ကရင်နီပြည်တွင် အထက်ပါ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းများအတွက် ယခင် စစ်အစိုးရနှင့် တရုတ်တို့သည် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု KDRG က ဆိုသည်။

ကရင်နီပြည်တွင် လောပိတ ရေအားလျှပ်စစ် စက်ရုံ အမှတ် ၁ နှင့် အမှတ် ၂ ရှိသော်လည်း ထွက်ရှိသော လျှပ်စစ်ဓါတ်အားများကို အများအားဖြင့် မြန်မာပြည် အထက်ပိုင်းနှင့် အလယ်ပိုင်းသို့ အဓိက ပို့ဆောင်သွားပြီး ဒေသခံကရင်နီပြည်သူ ၈၀ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိကြသေးကြောင်း ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့က KDRG ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။